အိုက်စလန်အနောက်တောင်ပိုင်း ရေဂျာနက်စ်ကျွန်းဆွယ်၌ ဒီဇင်ဘာလနောက်ပိုင်း ဆဋ္ဌမအကြိမ်မြောက်  မီးတောင်ပေါက်ကွဲမှုဖြစ်ပွားနေပြီး မီးတောင်အက်ကွဲကြောင်းမှ ချော်ရည်ပူများ မှုတ်ထုတ်နေ

အိုက်စလန်အနောက်တောင်ပိုင်း ရေဂျာနက်စ်ကျွန်းဆွယ်၌ ဒီဇင်ဘာလနောက်ပိုင်း ဆဋ္ဌမအကြိမ်မြောက်  မီးတောင်ပေါက်ကွဲမှုဖြစ်ပွားနေပြီး မီးတောင်အက်ကွဲကြောင်းမှ ချော်ရည်ပူများ မှုတ်ထုတ်နေ
အိုက်စလန်နိုင်ငံ ရေဂျာနက်စ်ကျွန်းဆွယ်ရှိ ဗိုဂါအနီး၌ မီးတောင်ပေါက်ကွဲနေပုံကို သြဂုတ် ၂၂ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
အိုက်စလန်နိုင်ငံ ရေဂျာနက်စ်ကျွန်းဆွယ်ရှိ ဗိုဂါအနီး၌ မီးတောင်ပေါက်ကွဲနေပုံကို သြဂုတ် ၂၂ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
Published 23 August 2024

သြဂုတ် ၂၂ ရက် ညပိုင်းတွင် အိုက်စလန် အနောက်တောင်ပိုင်း ရေဂျာနက်စ်ကျွန်းဆွယ်၌ မီးတောင်ပေါက်ကွဲမှု အသစ်ဖြစ်ပွားခဲ့ရာ ချော်ရည်ပူများကို လေထဲသို့မှုတ်ထုတ်နေခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး ယခုမီးတောင်ပေါက်ကွဲမှုသည် ဒီဇင်ဘာနောက်ပိုင်း ယခုဒေသတွင် ဆဋ္ဌမအကြိမ်မြောက် မီးတောင်ပေါက်ကွဲမှု ဖြစ်သည်ဟု ဆိုသည်။

ရှည်လျားသောအက်ကွဲကြောင်းထဲမှ လိမ္မော်ရောင် ချော်ရည်တို့ ပန်းထွက်နေပုံကို တိုက်ရိုက်လွှင့်သော ဗီဒီယို ရုပ်ပုံများတွင် မြင်ရပြီး ညအချိန် ကောင်းကင်ယံသို့ မီးခိုးများ တလိပ်လိပ်တက်နေပုံကိုလည်း မြင်ရသည်။

“မီးတောင် ပေါက်ကွဲမှု စတင်ပါပြီ။ ဆိုင်လင်ဂါဖဲလ်အရှေ့ပိုင်းမှာ အက်ကွဲကြောင်း ပွင့်နေပါပြီ”ဟု အိုက်စလန်မိုးလေဝသရုံး (IMO) ကထုတ်ပြန်ခဲ့သည်။ မြေငလျင်များ ဆက်တိုက်လှုပ်ခဲ့ပြီးနောက် မီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ည ၉ နာရီ ၂၆ မိနစ်တွင် စတင်ခဲ့သည်ဟု IMO က ဖြည့်စွက် ဖော်ပြခဲ့သည်။

အက်ကွဲကြောင်း၏အရှည်သည် ၁ ဒသမ ၄ ကီလိုမီတာ( ၀ ဒသမ ၈၆ မိုင်)ရှိသည်ဟု IMO က အစပိုင်းတွင် ခန့်မှန်းခဲ့သည်။ သို့ရာတွင်  မီးတောင်အက်ကြောင်းသည် မိနစ် ၄၀ အတွင်း ၃ ဒသမ ၉ ကီလိုမီတာအထိ ရှည်လာခဲ့သည်ဟု နောက်ပိုင်းထုတ်ပြန်ချက်တွင် IMO က ဖြည့်စွက်ဖော်ပြခဲ့သည်။

ပေါက်ကွဲမှု စတင်ခဲ့ပြီးနောက် တစ်နာရီကျော်အချိန်တွင် အက်ကွဲကြောင်း၏ မြောက်ဖျားစွန်း၌ အင်အားကြီးသော မြေငလျင် လှုပ်ရှားမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု ဆိုသည်။

ည ၁၀ နာရီ ၃၇ မိနစ်တွင် မဂ္ဂနီကျု ၄ ဒသမ သုညရှိသော မြေငလျင်လှုပ်သည်ကို မှတ်တမ်းတင်ခဲ့ကြောင်း IMO က ဆက်လက် ဖော်ပြထားသည်။

မီးတောင်ပေါက်ကွဲမှုကို ကြည့်ရန် မြို့တော်ရေဂျာဗစ်မှ အိုင်စလန်၏ ကီဖလာဗစ် လေဆိပ်အထိ ကားလမ်းမကြီး၏ဘေးတွင် လူအများအပြားက ကားများရပ်ထားသည်ကို တွေ့ရကြောင်း အေအက်ဖ်ပီသတင်း ထောက်က ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုဖြစ်ပွားနေသည့်တိုင် အိုက်စလန်မှ အသွားအပြန် လေကြောင်းခရီးစဉ်များသည် ပုံမှန်အတိုင်း ပြေးဆွဲနေသည်ဟု အိုက်စလန် အမျိုးသားလေဆိပ်နှင့် လေကြောင်းသွားလာမှု လုပ်ငန်း အိုင်ဆာဗီးယားက ထုတ်ပြန်ခဲ့သည်။

ယခုမီးတောင်ပေါက်ကွဲမှုသည် ရေဂျာနက်စ်ကျွန်းဆွယ်ဒေသတွင် ဒီဇင်ဘာနောက်ပိုင်း ဆဌမအကြိမ်မြောက် မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး သုံးပတ်ကျော်ကြာမြင့်ခဲ့သည့် ယခင်မီးတောင်ပေါက်ကွဲမှုအပြီး နှစ်လခန့်တွင် ယခုပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။

မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာ အနီးတွင်ရှိသော ဂရင်းဒါဗစ်တံငါရွာမှ လူများကို ရွှေ့ပြောင်းပေးမှုသည် အဆင်ပြေသည်ဟု ဆူဒါနက်စ်ဒေသ၏ ရဲချုပ်က ပြောကြားခဲ့သည်။

ထိုရွာရှိ အိမ် ၂၂ လုံးသို့မဟုတ် ၂၃ လုံးတွင် လတ်တလော လူနေထိုင်နေသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဂရင်းဒါဗစ်နယ်ခံ ၄,၀၀၀ ထဲက အများစုကို ဒီဇင်ဘာ မီးတောင်ပေါက်ကွဲမှုမတိုင်မီ နိုဝင်ဘာလထဲတွင် ရွှေ့ပြောင်းပေးခဲ့သည် ဟုဆိုသည်။ မီးတောင်ပေါက်ကွဲမှုများ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားနေချိန်တွင် နယ် ခံများကို ပြန်ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

Ref:AFP

                                                             

Most Read

Most Recent