ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား လူသတ်မှုဖြင့် အမှုဖွင့်ထား

ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား လူသတ်မှုဖြင့် အမှုဖွင့်ထား
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့တွင် မီဒီယာတစ်ခုနှင့် တွေ့ဆုံနေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို တွေ့ရစဉ်(Photo: AFP)
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့တွင် မီဒီယာတစ်ခုနှင့် တွေ့ဆုံနေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို တွေ့ရစဉ်(Photo: AFP)
Published 13 August 2024

ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုအတွင်း ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနှင့် ၎င်း၏အစိုးရအဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူခြောက်ဦးကို လူသတ်မှုဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

သြဂုတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာသည် ၎င်း၏အိမ်တော်ကို စွန့်ခွာထွက်ပြေးသွားပြီးနောက် ဆန္ဒပြသူများက ၎င်း၏အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။ ၇၆ နှစ်အရွယ် ဟာဆီနာသည် လွန်ခဲ့သည့် သီတင်းပတ်က အိမ်နီးချင်း အိန္ဒိယသို့ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည်။

၎င်းကိို ရာထူးမှပြုတ်ကျစေခဲ့သော သီတင်းပတ်များနှင့်ချီကာ ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့သည်။

“ရှိတ်ဟာဆီနာနဲ့ နောက်ထပ်ခြောက်ဦးကို အမှုဖွင့်တိုင်ကြားထားပါတယ်”ဟု သေဆုံးသူကိုယ်စား အမှုဖွင့်တိုင်ကြားခဲ့သည့် ရှေ့နေဖြစ်သူ မာမန်မီယာက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဥပဒေအရ ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ပထမဆုံးအဆင့်ဖြစ်သည့် စွပ်စွဲခံပုဂ္ဂိုလ်များအား လူသတ်မှုဖြင့် အမှုဖွင့်တိုင်ကြားမှုကို လက်ခံရန် ဒါကာမြို့တော် တရားရုံးက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

၎င်း၏တိုင်ချက်တွင် ဟာဆီနာ၏အစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဟောင်း အက်ဆာဒူဇာမန်ခန်းနှင့် ဟာဆီနာ၏ ပါတီဖြစ်သော အာဝါမီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး အိုဘိုင်ဒူကွာဒါတို့လည်း ပါဝင်သည်ဟု သိရသည်။

ထို့ပြင် ဟာဆီနာ၏ အစိုးရက ခန့်အပ်ခဲ့သည့် ထိပ်တန်းရဲအရာရှိ လေးဦးလည်းပါဝင်သည်။

ဇူလိုင် ၁၉ ရက်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုများကို အင်အားသုံး နှိမ်နင်းမှုကြောင့်  ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ထိမှန် သေဆုံးမှုအတွက်၎င်းပုဂ္ဂိုလ်ခုနစ်ဦးတွင် တာဝန်ရှိကြောင်း အမှုဖွင့်တိုင်ကြားထားသည်။

၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာသည် ၂၀၀၉ ခုနှစ်ကတည်းက အာဏာရယူခဲ့ခြင်း ဖြစ်သော်လည်း ဇန်နဝါရီလရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ၎င်း၏အစိုးရသည် ထောင်နှင့်ချီသည့် နိုင်ငံရေးအတိုက်အခံများအား ဥပဒေဘောင်ကိုကျော်လွန်၍သတ်ဖြတ်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

ထို့ပြင် အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ် ကျောင်းသားများဦးဆောင်၍ အကြီးအကျယ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဟာဆီနာကို ရာထူးမှနုတ်ထွက်ပေးရန် လူသန်းနှင့်ချီလမ်းပေါ် ထွက်၍ ဆန္ဒပြခဲ့သည်။

ဟာဆီနာ ရာထူးမှဖြုတ်ချခံရပြီး သုံးရက်အကြာတွင် နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်သည် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ရန် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်း ဆောင်အဖြစ် တာဝန်ယူခဲ့သည်။

ယူနွတ်သည် အသေးစားချေးငွေလုပ်ငန်းကို ရှေ့ဆောင်လမ်းပြလုပ်ကိုင်ခဲ့ခြင်းအတွက် ၂၀၀၆ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ် ဆုရရှိခဲ့ပြီး သန်းနှင့်ချီသော ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ဆင်းရဲတွင်းမှ ကယ်တင်ခဲ့သူ အဖြစ် ချီးကျူးခံထားရသည်။

၎င်းသည် ယာယီအစိုးရ၏ ဦးဆောင်အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့တွင် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး ဆာခါဝပ် ဟော့စိန်မှအပ ကျန်အဖွဲ့ဝင်အားလုံးသည် အရပ်သားများဖြစ်သည်။

Ref: AFP

Most Read

Most Recent