ထိုင်ဝမ်အား စစ်လက်နက်ရောင်းချမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆွေးနွေးမှုများကို ရပ်ဆိုင်းကြောင်း တရုတ် ကြေညာ

ထိုင်ဝမ်အား စစ်လက်နက်ရောင်းချမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆွေးနွေးမှုများကို ရပ်ဆိုင်းကြောင်း တရုတ် ကြေညာ
Published 18 July 2024
Ref:AFP

အမေရိကန်က ထိုင်ဝမ်အား စစ်လက်နက်များ ရောင်းချနေမှုကို လက်တုံ့ပြန်သည့်အနေဖြင့်  နျူကလီးယားလက်နက် မပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဆွေးနွေးမှုများကို ရပ်ဆိုင်းကြောင်း တရုတ်က ဇူလိုင် ၁၇ ရက်တွင် ကြေညာခဲ့သည်။

ယင်းသည် စိတ်မကောင်းစရာဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယမန်နှစ် နိုဝင်ဘာလက နှစ်နိုင်ငံ သမ္မတနှစ်ဦး၏ ထိပ်သီးအစည်းအဝေးမတိုင်မီ နှစ်ဖက်အကြား မယုံကြည်မှုများကို လျှော့ချရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နှင့် တရုတ်တို့သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကြုံတောင့်ကြုံခဲဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက်တွင် အပြန်အလှန်ဆွေးနွေးမှုများ ထပ်မံပြုလုပ်နေကြောင်း လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိတော့ဘဲ အိမ်ဖြူတော်တာ ဝန်ရှိသူတစ်ဦးကလည်း အန္တရာယ်ဖြစ်နိုင်ခြေလျှော့ချရေးအတွက် မိမိတို့၏ ထိရောက်သော အကြံပြုချက်များကို တုံ့ပြန်ရန် ယခုနှစ်ဇန်နဝါရီလက တရုတ်ကို တိုက်တွန်းခဲ့သည်။

သို့သော် မကြာသေးမီက အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်များ ရောင်းချခဲ့ခြင်းသည် တရုတ်နှင့် အမေရိကန်အကြား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်မည့် အခြေအနေကို ဆိုးရွားစွာထိခိုက်စေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“အမေရိကန်ဟာ ထိုင်ဝမ်ကို စစ်လက်နက်တွေ ဆက်လက်ရောင်းချနေပြီး တရုတ်ရဲ့ ပင်မအကျိုးစီးပွားကို ဆိုးရွားစွာထိခိုက်စေသလို နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကိုပါ ထိခိုက်စေတဲ့ အပျက်သဘောဆောင်တဲ့ လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လင်ကျန်းက ဆိုသည်။

“အဲဒါကြောင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေးအတွက် အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်မံပြုလုပ်တာကို ရပ်ဆိုင်းထားဖို့ တရုတ်က ဆုံးဖြတ်ခဲ့တယ်” ဟုလည်း ၎င်းက ပြောကြားသည်။

၁၉၇၉ ခုနှစ်တွင် အမေရိကန်က ထိုင်ဝမ်မှ တရုတ်ကို သံတမန်ရေးအရ ပြောင်းလဲအသိအမှတ်ပြုခဲ့သော်လည်း အမေရိကန်သည် ထိုင်ဝမ်၏ အရေးအပါဆုံးမိတ်ဖက်နှင့် စစ်လက်နက်အများဆုံး ရောင်းချပေးသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည့်အတွက် တရုတ်က အမေရိကန်အပေါ် ပြစ်ဒဏ်ရှုတ်ချမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်၏ F-16 ဂျက်တိုက်လေယာဉ်များအတွက် အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းသည့် ကိရိယာအများစုအပါအဝင် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးရှိသည့် စစ်ဘက်အသုံးအဆောင်ပစ္စည်းများကို ထိုင်ဝမ်အားရောင်းချရန် အမေရိကန်အစိုးရက အတည်ပြုခဲ့သည်။

တရုတ်သည် အမေရိကန်က မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာဖြင့် နျူကလီးယားလက်နက်များကို ထုတ်လုပ်နေသည်ဟု ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ယမန်နှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  တရုတ်သည် ၂၀၂၃ ခုနှစ် မေလအထိ နျူကလီးယားထိပ်ဖူးအရေအတွက် ၅၀၀ ကျော်ရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

Most Read

Most Recent