လက်ဘနွန်ကို အစ္စရေး၏ လောလောလတ်လတ် တိုက်ခိုက်မှုများကြောင့် လူငါးဦးသေဆုံးခဲ့ပြီး လူ ၂၀ ဒဏ်ရာရရှိ

လက်ဘနွန်ကို အစ္စရေး၏ လောလောလတ်လတ် တိုက်ခိုက်မှုများကြောင့် လူငါးဦးသေဆုံးခဲ့ပြီး လူ ၂၀ ဒဏ်ရာရရှိ
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်း ကေဖိုးမြို့၌ အဆောက်အအုံ ပျက်စီးနေပုံကို သြဂုတ် ၁၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်း ကေဖိုးမြို့၌ အဆောက်အအုံ ပျက်စီးနေပုံကို သြဂုတ် ၁၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 21 August 2024

လက်ဘနွန်တောင်ပိုင်း၌ လူလေးဦး သေဆုံးသည့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအတွင်း လက်ဘနွန်အရှေ့ပိုင်းကို အစ္စရေးတိုက်ခိုက်မှုများအတွင်း တစ်ဦးသေဆုံးခဲ့ကာ အခြားလူ ၂၀ ဒဏ်ရာရသွားခဲ့ သည်ဟု သြဂုတ် ၂၁ ရက် စောစောပိုင်းတွင် လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးက လက်ဘနွန်အရှေ့ပိုင်းကို အလားတူ စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ၂၄ နာရီ ကျော်အချိန်တွင် အထက်ပါတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဟစ်ဇဘိုလာတပ်မှူးကြီး သေဆုံးခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာချိန်တွင် လက်ဘနွန် နိုင်ငံထဲကို အစ္စရေး၏ စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ဘီခါးတောင်ကြားကို ရန်သူအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၀ ဒဏ်ရာရခဲ့ပါတယ်”ဟု လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လူတစ်ဦးသည် အရေးပေါ်အခြေအနေ ဖြစ်နေပြီး ကလေးရှစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ အသင့်အတင့် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

နာဘီးရှိရွာအပါအဝင် ဘားလ်ဘက်မြို့အနီးရှိ လက်ဘနွန်အရှေ့ပိုင်းကို တိုက်ခိုက်မှုများရှိခဲ့သည်ဟု အမည်ကို ထုတ်ဖော်ရေးသားခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သော လက်ဘနွန်သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။ တိုက်ခိုက်မှု၏ ပစ်မှတ်ကို ၎င်းက ပြောကြားခြင်းမရှိပေ။

မိိသားစုတစ်စုတည်းမှ  အသက် ၁၀ နှစ်မရှိသေးသော ကလေးငါးဦးသည် ဒဏ်ရာရခဲ့သူများထဲတွင် ပါဝင်နေသည်ဟု ဒေသခံဆေးရုံတစ်ခုရှိ သတင်းအရင်းအမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာ လက်နက်တိုက်များကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အစ္စရေးက ပြောကြားသော ဘီခါးဒေသကို သြဂုတ် ၁၉ ရက်ညနေပိုင်းတွင် အလားတူ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် သန်းခေါင်ယံ အချိန်ဝန်းကျင်တွင် လက်ဘနွန်အရှေ့ပိုင်းကို တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တောင်ပိုင်းနယ်စပ်ရွာ ဒေးရာကို အစ္စရေးတိုက်ခိုက်ခဲ့ခြင်းကြောင့် လူလေးဦး သေဆုံးသွားခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့ပြီးနောက် ဟစ်ဇဘိုလာအဖွဲ့က ၎င်း၏တိုက်ခိုက်ရေးသမားလေးဦး သေဆုံးသွားခဲ့သည်ဟု ပြောကြားချိန်တွင် လက်ဘနွန် အရှေ့ပိုင်းကို အစ္စရေးတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် သြဂုတ် ၁၆ ရက်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံးခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကမူ အီရန် ၏ ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့၏ လက်နက်ဂိုဒေါင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နာဘာတီယာဒေသတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် အောက် တိုဘာလက စတင်ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက နေ့စဉ်နီးပါးဖြစ်ပွားခဲ့သည့် ဟစ်ဇဘိုလာနှင့် အစ္စရေး တပ်ဖွဲ့များ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအနက် လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုများထဲတွင် ပါဝင်ခဲ့သည်။        

ယင်းတိုက်ခိုက်မှုများသည် လက်ဘနွန်- အစ္စရေးနယ်စပ်ဒေသတွင် အများအားဖြင့် အကန့်အသတ်ဖြင့် ဖြစ်ပွားနေခြင်းဖြစ်သည်။ အစ္စရေးသည် ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမား အများအပြားရှိနေသည့် ဘီခါးတောင်ကြားကို တိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။ ဘီခါးတောင်ကြားသည် လက်ဘနွန်နိုင်ငံအရှေ့ပိုင်းတွင် တည်ရှိပြီး ဆီးရီးယားနယ်စပ်အနီးရှိ တောင်ကြားလည်း ဖြစ်သည်။

Ref:AFP                                    

                                                          

Most Read

Most Recent