မန်ယူအသင်းနှင့် စာချုပ်သစ် မချုပ်ဆိုမီ အသင်းကို အင်အားဖြည့်တင်းပေးရန် တောင်းဆိုခဲ့ကြောင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ

မန်ယူအသင်းနှင့် စာချုပ်သစ် မချုပ်ဆိုမီ အသင်းကို အင်အားဖြည့်တင်းပေးရန် တောင်းဆိုခဲ့ကြောင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ
Photo : Getty Images
Photo : Getty Images
Published 22 August 2024

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းနှင့်စာချုပ်သစ် မချုပ်ဆိုမီ ကစားသမားအင်အားဖြည့်တင်းပေးရန်အသင်းကို တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် သြဂုတ် (၁၄)ရက်တွင် မန်ယူအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်တွင် တစ်နှစ်ထပ်မံတိုးခွင့်ရှိသည်ဆိုသော အချက်လည်း ပါဝင်ကြောင်း သိရသည်။

ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ ဇန်နဝါရီတွင် စပို့တင်းလစ္စဘွန်းမှ မန်ယူအသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် မန်ယူအသင်းသို့ စရောက်ကတည်းက ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရှိနည်းပြ တန်ဟက်ဂ်လက်ထက်တွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်က ပြည်တွင်းနှင့် ပြည်ပဆုဖလားများကို ယှဉ်ပြိုင်နိုင်ရန်အတွက် စာချုပ်သစ်မချုပ်ဆိုမီ အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော့်အနေနဲ့ အကောင်းဆုံးအသင်းနဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုတာကို အသင်းက သိပါတယ်။ အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဖို့လိုတယ်ဆိုတာကိုလည်း သူတို့သိပါတယ်။ ပြီးတော့ အဲဒီအတွက် ကျွန်တော်တို့ လုပ်နေတယ်လို့ ထင်ပါတယ်။ ငါတို့ ပရီးမီးယားလိဂ်ဖလား အရယူမယ်ဆိုတဲ့ ကတိမျိုး ကျွန်တော် မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအတွက် ဘယ်သူမှ အာမမခံနိုင်လို့ပါ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့အနေနဲ့ တစ်ရာလုံး ချန်ပီယံဆုတွေကို စိန်ခေါ် နိုင်တဲ့ အဆင့်မျိုးရှိဖို့လိုပြီး ဆု ဖလားတွေအတွက် တိုက်ပွဲဝင်ချင်ပါတယ်။ အသင်းက အရည်အသွေးမြင့်ကစားသမားတွေ ကို စုဆောင်းနေပြီး ချန်ပီယံဆုတွေ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုနွေတွင် လိုင်လီနောက်ခံကစားသမား ယိုဟို၊ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဇက်ဇီ၊ ဘိုင်ယန်မြူးနစ်နောက်ခံလူများဖြစ်သည့် ဒီလစ်နှင့် မာဇရာဝီတို့ကို ပေါင်သန်း (၂၀၀) နီးပါးအသုံးပြုခေါ်ယူထားပြီး ကွင်းလယ်ကစားသမားတစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent