ယခုရာသီ၌ ဘာပေအမည်ပါ အင်္ကျီ(၄)သန်းရောင်းချရမည်ဟု ရီးယဲလ်အသင်း၏ စျေးကွက်ဆိုင်ရာ တာဝန်ရှိသူများ ယုံကြည်

ယခုရာသီ၌ ဘာပေအမည်ပါ အင်္ကျီ(၄)သန်းရောင်းချရမည်ဟု ရီးယဲလ်အသင်း၏ စျေးကွက်ဆိုင်ရာ တာဝန်ရှိသူများ ယုံကြည်
Photo: Goal
Photo: Goal
Published 24 July 2024

 

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ၌ ပြင်သစ် တိုက်စစ်မှူး ဘာပေ၏ အမည်ပါ အင်္ကျီ (၄)သန်း ရောင်းချရမည်ဟု ယုံကြည်နေကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဟု သတ်မှတ်ခံထားရသည့် ဘာပေကို ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ကျောနံပါတ်(၉)ပေးအပ်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲ မတိုင်မီကပင် ဘာပေ၏ အမည်ပါ အင်္ကျီအား စတင်ရောင်းချခဲ့ရာ ဝယ်လိုအားမြင့်တက်ခဲ့ပြီး အမှာစာများစွာ ရရှိခဲ့သည်။ 

ပရိသတ်များအကြား ဘာပေ အမည်ပါ အင်္ကျီ၏ ပေါ်ပြူလာဖြစ်မှုမှာ ပြီးခဲ့သည့်နှစ်က အသင်းထံ ရောက်ရှိခဲ့သည့် အင်္ဂလန်ကစားသမား ဘယ်လင်ဂမ်၏အင်္ကျီပေါ်ပြူလာဖြစ်မှုထက် (၅)ဆ အထိ မြင့်တက်ခဲ့ကြောင်း Marca က ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် ဘာပေ၏ အမည်နှင့် ကျောနံပါတ်(၉) ရိုက်နှိပ်ထားသည့် ရီးယဲလ်မက်ဒရစ်အသင်း၏ အင်္ကျီကို မှာယူထားသည့် ပရိသတ်များမှာ လာမည့်လမှသာ ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ 

ယခုကဲ့သို့ ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ရီးယဲလ်အသင်း၏ စျေးကွက်ဆိုင်ရာ တာဝန်ရှိသူများက ယခုရာသီ၌ ဘာပေအမည်ပါ အင်္ကျီ (၄) သန်း ရောင်းချရမည်ဟု ယုံကြည်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ဘာပေသည် ရီးယဲလ်ကစားသမားအဖြစ် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် အားလပ်ရက်ရရှိထားသည့်အတွက် အမေရိကန်ခြေစမ်းခရီး၌ ပါဝင်မည်မဟုတ်ဘဲ ဥရောပစူပါဖလားပွဲမှသာ ပွဲထွက်ဖွယ်ရှိကြောင်း သိရသည်။