ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူ ၈၀၀ ကျော်ရှိနေပြီး ရေသန့်၊ အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေ

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူ ၈၀၀ ကျော်ရှိနေပြီး ရေသန့်၊ အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေ
Photo Credit - CJ
Photo Credit - CJ
Published 29 July 2024

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူ ၈၀၀ ကျော်ရှိနေပြီး ရေသန့်၊ အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ရေဘေးသင့်ပြည်သူများအရေး ကူညီဆောင်ရွက်ပေးနေသူများ၏ ပြောကြားချက်များအရ သိရသည်။

မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းနေခြင်းနှင့် တောင်ကျရေလိမ့်ဆင်းမှုများကြောင့် ဘီးလင်းမြစ်ရေလျှံမှုဖြစ်ပွားနေပြီး ဘီးလင်းမြို့အပါအဝင် မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်အထိ ၅ ရက်ခန့်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား ဘီးလင်းမြို့ပေါ်တွင် ယာယီရေဘေးရှောင်စခန်း  ခြောက်ခုဖွင့်လှစ်ပေးထားပြီး လူဦးရေ ၈၀၀ ကျော် ခေတ္တခိုလှုံနေကြကြောင်း ရေဘေးသင့်ပြည်သူများအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လောလောဆယ်မှာ အလှူရှင်တွေနဲ့ ပရဟိတအဖွဲ့တွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ မြို့မိ၊ မြို့ဖတွေ စုပေါင်းပြီးတော့ ရေဘေးသင့်ပြည်သူတွေအတွက် ရေသန့်၊ အစားအစာနဲ့ ဆေးဝါးတွေထောက်ပံ့ကူညီလှူဒါန်းပေးနေတာမျိုးရှိပါတယ်။ ရက်ကြာလာရင်တော့ လိုအပ်ချက်တွေရှိလာနိုင်ပါတယ်” ဟု ပြောကြားသည်။

လတ်တလော ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ် ရေကျော်ခြင်းမရှိသေးဘဲ မော်တော်ယာဉ်များ သွားလာနိုင်ကြောင်းလည်း ဘီးလင်းဒေသခံများထံမှ သိရသည်။ 

“မိုးရွာတာများလာရင်တော့ ကားလမ်းတွေပေါ်ရေကျော်တာမျိုးဖြစ်တယ်။ မိုးပြန်တိတ်သွားရင်တော့ ရေကပြန်ဆင်းသွားတာမျိုးဖြစ်တယ်။ ရေထရက်မဟုတ်သေးတော့ အောက်ရေဆွဲနိုင်သေးတဲ့သဘောရှိပါတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောကြားသည်။

ယနေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၇ နာရီတိုင်းထွာချက်များအရ  ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၀၂၂) စင်တီမီတာအား ကျော်ကာ (၁၀၃၉) စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဘီးလင်းမြစ်ရေလျှံမှုကြောင့် ဘီးလင်းမြစ်အောက်ပိုင်းရှိ သထုံမြို့နယ် ဒုံဝန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း နှင့် လတ်တလော ရေသန့်အကူအညီများလိုအပ်ချက်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

 

Most Recent