စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ လက်နက်လုယူသဖြင့် ခြောက်လှန့်ပစ်ခတ်မှုကြောင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး သံသယရှိသူ ၂၅ ဦးကို စုံစမ်းမေးမြန်းနေဟု နစက ရှင်းလင်း

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ လက်နက်လုယူသဖြင့် ခြောက်လှန့်ပစ်ခတ်မှုကြောင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး သံသယရှိသူ ၂၅ ဦးကို စုံစမ်းမေးမြန်းနေဟု နစက ရှင်းလင်း
Published 2 June 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာအတွင်းမှ နေအိမ်အချို့တွင် သဲအိတ်ဘန်ကာများ၊ သဲအိတ်များဖြင့်ပြုလုပ်ထားသော ပုန်းခိုကျင်းများကို စစ်ဆေးတွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းနေစဉ် အမျိုးသား သုံးဦးက လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးထံမှ လက်နက်အား လုယူခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ရာ အဆိုပါ အမျိုးသား သုံးဦးသည် လက်နက်ငယ်ကျည်ထိမှန်၍ သေဆုံးခဲ့ရကြောင်းနှင့် ယင်းကျေးရွာတွင် ဖြစ်ပွားသောကိစ္စများနှင့်ပတ်သက်၍ သံသယရှိသူ ၂၅ ဦးအား ဥပဒေနှင့်အညီ စုံစမ်းမေးမြန်းလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီးနောက် သေဆုံးထားသည် ရုပ်အလောင်း (၄၀)ခန့် ရှာဖွေတွေ့ရှိထားပြီး ဒေသခံ အမျိုးသား (၁၀၀)ဦးခန့်အား ဖမ်းဆီးထားသည်ဆိုသော သတင်းဖော်ပြမှုများနှင့်ပတ်သက်၍ BBC သတင်းဌာန၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် ကံပြင်ရွာသစ်၊ ကံပြင်ရွာဟောင်းနှင့် ဗျိုင်းဖြူကျေးရွာတစ်ဝိုက်သို့ နယ်မြေစိုးမိုးရေး သွားရောက်ဆောင်ရွက်စဉ် ဒေသခံရွာသားများ၏ သတင်းပေးချက်အရ ဗျိုင်းဖြူကျေးရွာအတွင်းမှ နေအိမ်အချို့တွင် သဲအိတ်ဘန်ကာများ၊ သဲအိတ်များဖြင့်ပြုလုပ်ထားသော ပုန်းခိုကျင်းများ၊ ဘန်ကာပြုလုပ်ရန် သဲအိတ်များ စုဆောင်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျေးရွာနေထိုင်သူများအား စုံစမ်းမေးမြန်းလျက်ရှိစဉ် ဒေသခံကျေးရွာသားမဟုတ်သော အမျိုးသား သုံးဦး(စိစစ်ဆဲ)သည် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးထံမှ လက်နက်အား လုယူခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် အဆိုပါ အမျိုးသား သုံးဦးသည် လက်နက်ငယ်ကျည်ထိမှန်၍ သေဆုံးခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါကျေးရွာတွင် ဖြစ်ပွားသောကိစ္စများနှင့်ပတ်သက်၍ သံသယရှိသူ ၂၅ ဦးအား ဥပဒေနှင့်အညီ စုံစမ်းမေးမြန်းလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent