(၈) ကြိမ်မြောက် အရှေ့အာရှ သက်တမ်းအလိုက် လူငယ်စစ်တုရင်ပြိုင်ပွဲတွင်  မင်းအမရာဝတီ ကြေးတံဆိပ်ဆုရှိ

(၈) ကြိမ်မြောက် အရှေ့အာရှ သက်တမ်းအလိုက် လူငယ်စစ်တုရင်ပြိုင်ပွဲတွင်  မင်းအမရာဝတီ ကြေးတံဆိပ်ဆုရှိ
Photo: MCF
Photo: MCF
Published 29 July 2024

(၈) ကြိမ်မြောက် အရှေ့အာရှ သက်တမ်းအလိုက် လူငယ်စစ်တုရင်ပြိုင်ပွဲ(8th Eastern Asian Youth Chess Championship 2024) တွင် မြန်မာနိုင်ငံမှ မင်းအမရာဝတီက ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။

(၈) ကြိမ်မြောက် အရှေ့အာရှ သက်တမ်းအလိုက် လူငယ်စစ်တုရင်ပြိုင်ပွဲ(8th Eastern Asian Youth Chess Championship 2024) ကို မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ပြီးခဲ့သည့်ဇူလိုင် ၁၂ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် လူငယ်စစ်တုရင်ကစားသမား ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လူငယ်ကစားသမားများမှာ အမျိုးသမီး အသက်(၁၀) နှစ်အောက်တွင် စုစံသီဟန်၊  ဆုလွင်ထွန်း၊ အမျိုးသမီး အသက်(၁၄) နှစ်အောက်တွင် မင်းအမရာဝတီ၊ အမျိုးသား အသက်(၈) နှစ်အောက်တွင် သာစစ်၊  အမျိုးသား အသက်(၁၀) နှစ်အောက်တွင် အောင်ဟိန်းခန့်၊ အမျိုးသား အသက်(၁၂) နှစ်အောက်တွင် ဘုန်းဆက်တည်၊ အမျိုးသား အသက်(၁၄) နှစ်အောက်တွင် ဟိန်းမြတ်အောင်၊ အမျိုးသား အသက်(၁၆) နှစ်အောက်တွင် ဇာနည်အောင်၊ ကျော်သုတ၊ အမျိုးသား အသက်(၁၈) နှစ်အောက်တွင် စောအေးချမ်းမင်းနှင့် လူမော်ဟိန်းတို့ ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် မြန်မာလူငယ်ကစားသမားများထဲတွင် မင်းအမရာဝတီသည် အမျိုးသမီး အသက်(၁၄) နှစ်အောက် အမြန်ရွှေ့(Rapid) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

မင်းအမရာဝတီသည် အခြားပြိုင်ပွဲ အမျိုးအစားနှစ်မျိုးဖြစ်သည့် Standard နှင့် Blitz ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Rapid ပြိုင်ပွဲတွင်သာ ဆုတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး အသက်(၁၄) နှစ်အောက် အမြန်ရွှေ့(Rapid) ပြိုင်ပွဲတွင် မွန်ဂိုလီးယားကစားသမားက ရွှေတံဆိပ်၊ တရုတ်ကစားသမားက ငွေတံဆိပ်၊ မြန်မာမှ မင်းအမရာဝတီက ကြေးတံဆိပ် ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးအစားပြိုင်ပွဲတွင် အရှေ့တောင်အာရှဒေသတွင်းမှ အိမ်ရှင်မလေးရှားကစားသမားမှာ အဆင့်(၄)၊ စင်ကာပူကစားသမားမှာ အဆင့်(၅) နေရာများရရှိခဲ့သောကြောင့် မြန်မာမှ မင်းအမရာဝတီမှာ အရှေ့တောင်အာရှဒေသတွင်းပြိုင်ပွဲဝင် ကစားသမားများထဲတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည်။

မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်(Myanmar Chess Federation) သည် လက်ရွေးစင်စီနီယာကစားသမားများနှင့် လူငယ်ဂျူနီယာကစားသမားများကို နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်နေစေလျက်

ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Eastern Asia Juniors & Girls Chess Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို လာမည့်သြဂုတ်အတွင်း လာအိုနိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။  

 

Most Read

Most Recent