အန်တိုနီမာလီခင်နှင့် တွေ့ဆုံရမည့်ပွဲထက် အာဒိုဂန်နှင့် ထိုးသတ်ရမည့် အနီးဆုံးပွဲကိုသာ အာရုံစိုက်ထားကြောင်း အောင်လအန်ဆန် ပြောကြား

အန်တိုနီမာလီခင်နှင့် တွေ့ဆုံရမည့်ပွဲထက် အာဒိုဂန်နှင့် ထိုးသတ်ရမည့် အနီးဆုံးပွဲကိုသာ အာရုံစိုက်ထားကြောင်း အောင်လအန်ဆန် ပြောကြား
Photo: The AllStar
Photo: The AllStar
Published 15 July 2024

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် လက်ရှိ ONE Championship ၏ မစ်ဒယ်ဝိတ်ချန်ပီယံ ရုရှားဖိုက်တာ အန်တိုနီမာလီခင်နှင့် တွေ့ဆုံရမည့်ပွဲထက်  ရှာမေးလ်အာဒိုဂန်နှင့် ထိုးသတ်ရမည့် အနီးဆုံးပွဲကိုသာ အာရုံစိုက်ထားကြောင်း The AllStar  မီဒီယာနှင့် အွန်လိုင်းမှ တွေ့ဆုံခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်ရက်ပိုင်းက The AllStar  မီဒီယာ၏ တိုက်ခိုက်ရေးအားကစားနည်းသတင်းထောက် ဂျွန်ဟွန်ကိုနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံပြီး အင်တာဗျူးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအင်တာဗျူးတွင် အောင်လအန်ဆန်က ''ချန်ပီယံခါးပတ် ပြန်ရယူဖို့က ကျွန်တော်ရဲ့ နံပါတ် ၁ ပါ။ ဒါပေမဲ့ အနာဂတ်နဲ့ပတ်သက်လို့ ကျွန်တော် သိပ်ဂရုမစိုက်တော့ဘူး။ ကျွန်တော် တစ်ဆင့်ချင်းစီပဲ သွားမှာပါ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို သိပ်မစဉ်းစားတော့ဘူး။ အရင်ကလည်း ဖြစ်လာမလာတာကိုး။ ဒီတော့ ကျွန်တော် လက်ရှိကာလကိုပဲ အာရုံစိုက်တော့တယ်။ အခုလည်း စက်တင်ဘာ ၆ ရက်ပွဲအတွက် အာရုံစိုက်ထားပါတယ်။ အကောင်းဆုံးစွမ်းဆောင်ပြနိုင်အောင် လုပ်ပြမယ်။ ကျန်တာတွေ မစဉ်းစားတော့ဘူး။  ရှာမေးလ်က နပန်းမှာ သိပ်ကောင်းတဲ့ ဖိုက်တာပါ။ မြန်လည်းမြန်သလို ဖိုက်တာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။  ဒီပွဲက လွယ်ကူနေမှာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ONE Championship သည် ONE 168 ပြိုင်ပွဲကို လာမည့်စက်တင်ဘာ ၆ ရက်တွင် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်း၌ အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့ စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

အောင်လအန်ဆန်နှင့် ထိုးသတ်မည့် တူရကီဖိုက်တာ  ရှာမေးလ်အာဒိုဂန်သည် ONE Championship  နှင့် လက်တွဲပြီးနောက် ONE Friday Fight-22 ပြိုင်ပွဲတွင် တရုတ်ဖိုက်တာ ဖန်ယုံ နှင့် ထိုးသတ်ခဲ့ပြီး ဒုတိယအချီ၌ အလဲထိုးအနိုင်ရခဲ့သည်။

လက်ရှိတွင် ONE 168 ပြိုင်ပွဲအတွက် တွဲဆိုင်း ၉ ဆိုင်း ထုတ်ပြန်ထားပြီး အဓိကခေါင်းပွဲအဖြစ် အမျိုးသမီး စတောဝိတ် MMA ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် တရုတ်ဖိုက်တာ ရှီယောင်ဂျင်နန်နှင့် ထိုင်းဖိုက်တာ စတမ်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

လက်ရှိတွင် အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့တွဲဆိုင်းကို ပွဲစဉ် ၄ တွင် နေရာပေးထားရှိသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ONE Championship နှင့် (၆)ပွဲထိုးသတ်ရန် သဘောတူညီမှုရရှိခဲ့ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသည်။

စာချုပ်ပါအချက်များအရ ONE Championship သည် အောင်လအန်ဆန်ကို (၁၂) လအတွင်း (၃)ပွဲထိုးသတ်ရန် စီစဉ်ပေးရမည့်အချက်ပါဝင်နေပြီး ရှာမေးလ်အာဒိုဂန်နှင့် ထိုးသတ်ရမည့် ယခုပွဲမှာ ပထမဆုံးပွဲဖြစ်သည်။ 

Most Read

Most Recent