■ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စမာကျားက ၎င်း၏ခန့်အပ်လွှာအား နစကဥက္ကဋ္ဌ ထံ လာရောက်ပေးအပ်

■ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စမာကျားက ၎င်း၏ခန့်အပ်လွှာအား နစကဥက္ကဋ္ဌ ထံ လာရောက်ပေးအပ်
Published 21 August 2024

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စမာကျားက ၎င်း၏ခန့်အပ်လွှာအား နစကဥက္ကဋ္ဌ ထံ လာရောက်ပေးအပ်

■ ‌မိမိတာဝန်ထမ်းဆောင်စဉ်ကာလတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အင်တိုက်အားတိုက် မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စမာကျားက ၎င်း၏ ခန့်အပ်လွှာအား နိုင်ငံတော့် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သြဂုတ် ၂၁ ရက်က နေပြည်တော်တွင် လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခန့်အပ်လွှာပေးအပ်သည့်အခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing၊ စစ်သံမှူး Senior Colonel Zheng Zijie၊ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံအမတ်ကြီး မစ္စမာကျားမှတစ်ဆင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် Mr. Li Qiang တို့ကို လှိုက်လှဲစွာနှုတ်ဆက်စကားပါးလိုက်ပြီး သံအမတ်ကြီး Ms. Ma Jia စတင် တာဝန်ထမ်းဆောင်ခြင်းကို ကြိုဆိုပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို ပထမဦးဆုံး အဆိုပြုခဲ့ကြကြောင်း၊ မူကြီး ၅ ရပ်၏စိတ်ဓာတ်ကို အမြဲတစေလိုက်နာကာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်လျက်ရှိကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးမှာ သမိုင်းကြောင်းကြာရှည်လှကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာအရေးထားပြီး မြန်မာ-တရုတ် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ နှစ်နိုင်ငံအစဉ်အလာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကို ခိုင်မြဲအောင်မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းအောင် ဖော်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့်ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့အတူ မစ္စမာကျားက သမ္မတရှီကျင့်ဖျင် နှင့် ဝန်ကြီးချုပ် Mr. Li Qiang တို့၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားများကို တစ်ဆင့်ပြောကြားပေးခဲ့ပြီး လက်ရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေများကို ရှင်းလင်းမိတ်ဆက်ခဲ့ကာ မိမိတာဝန်ထမ်းဆောင်စဉ်ကာလတွင်း နှစ်နိုင်ငံချစ်ကြည်ရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် မြှင့်တင်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေးနှင့် တရုတ်ပုံစံခေတ်မီမှုကို မြှင့်တင်ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်သည် တရုတ်-မြန်မာနှစ်နိုင်ငံက အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်အတွက် အခွင့်အလမ်းများစွာ သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒကို မမှိတ်မသုန် မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် တရုတ် ချိတ်ဆက်မှုများတိုးမြှင့်ပြီး သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီမှုရလဒ်များကို အတူတကွအကောင်အထည်ဖော်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်သွားရန် ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံဘက်က မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျထိန်းသိမ်းကာကွယ်ပေး၍ နှစ်ဦးနှစ်ဖက်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် ဘေးကင်းသောပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး မစ္စမာကျားသည် ဩဂုတ် ၁၂ ရက်ကလည်း မြန်မာနိုင်ငံသို့ရောက်ရှိကာ သံအမတ်ကြီး တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး ဩဂုတ် ၁၃ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ သံအမတ်ခန့်အပ်လွှာမိတ္တူ ပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent