ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှဖယ်ရှားရန် လျှောက်တင်ထားသည့်အမှုသည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ဆရီထာ၏ ဝန်ထမ်းအဖွဲ့အကြီးအကဲ ပြောကြား

ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှဖယ်ရှားရန် လျှောက်တင်ထားသည့်အမှုသည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ဆရီထာ၏ ဝန်ထမ်းအဖွဲ့အကြီးအကဲ ပြောကြား
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ဘန်ကောက်မြို့တော်တွင် သတင်းစာရှင်းလင်းပွဲဲပြုလုပ်နေသည့် ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo:Reuters)
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ဘန်ကောက်မြို့တော်တွင် သတင်းစာရှင်းလင်းပွဲဲပြုလုပ်နေသည့် ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo:Reuters)
Published 10 August 2024

ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းကို ရာထူးမှဖယ်ရှားရန် တရားရုံးတွင် လျှောက်တင်ထားသည့်အမှုသည် အောင်မြင်လိမ့်မည် မဟုတ်ကြောင်း ဆရီထာသည် လာမည့်သီတင်းပတ်တွင် စီရင်ချက်ချမည့် ထိုအမှုတွင် အနိုင်ရနိုင်ခြေရှိကြောင်း ၎င်း၏ ဝန်ထမ်းအဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။

စစ်တပ်က ခန့်အပ်ခဲ့သည့် လွှတ်တော် အမတ်ဟောင်းများက ဆရီထာကို ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားရန် တရားရုံးတွင် လျှောက်တင်ခဲ့ခြင်းဖြစ်သည်။

ဆရီထာသည် အကျဉ်းချခံခဲ့ရဖူးသည့် ရှေ့နေဟောင်းတစ်ဦးကို အစိုးရအဖွဲ့အတွင်း ခန့်အပ်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်များက စွပ်စွဲခဲ့ပြီး တရားရုံးတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သြဂုတ် ၁၄ ရက်တွင် စီရင်ချက်ချမည်ဖြစ်သည်။

“တရားရေးလုပ်ထုံးလုပ်နည်းတွေအရ ကျွန်တော်တို့ အားလုံးလုပ်ဆောင်ပြီးခဲ့ပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့ဟာ အရမ်းကို ယုံကြည်ချက်ရှိနေပါတယ်”ဟု ဖြူးထိုင်းပါတီ၏ ၀ါရင့်နိုင်ငံရေးသမားဖြစ်သည့် ပရွမ်မင်လတ် ဆူရီဒက်ဂျ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုအမှုသည် ထိုင်းနိုင်ငံရေးလောကတွင် နက်ရှိုင်းစွာ သဘောထားကွဲလွဲနေသည့် အခြေအနေကို မီးမောင်းထိုးပြသရာရောက်ခဲ့ပြီး စစ်တပ်က ထောက်ခံပေးထားသည့် ကွန်ဆာဗေးတစ်-ဘုရင့်သစ္စာခံ အင်အားစုနှင့် ဆရီထာ၏ အာဏာရ ဖြူးထိုင်းပါတီကဲ့သို့ လူကြိုက်များသည့် ပါတီများအကြား ဆယ်စုနှစ် နှစ်စုကြာ အာဏာလွန်ဆွဲနေသည့် အခြေအနေကို ထင်ရှားစေခဲ့သည်။

အထက်လွှတ်တော်အမတ်များသည် ၂၀၁၄ ခုနှစ်က နောက်ဆုံးဖြူးထိုင်းအစိုးရကို ဖြုတ်ချခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများက ခန့်အပ်ခဲ့သူများဖြစ်သည်။

၂၀၁၄ အာဏာသိမ်းမှုသည် ရှင်နာဝပ်မိသားစုဦးဆောင်သည့် အစိုးရအဖွဲ့များအား ကိုးနှစ်အတွင်း ဒုတိယအကြိမ်မြောက် အာဏာသိမ်းမှုဖြစ်ခဲ့သည်။

ထိုလွှတ်တော်အမတ်များက နိုင်ငံရေးလောကတွင် သြဇာလွှမ်းမိုးသည့် ရှင်နာဝပ်မိသားစု၏ ရှေ့နေဟောင်းဖြစ်သူ ပီချစ်ချူအန်ဘန်းကို ရာထူးခန့်အပ်မှုသည် ကျင့်ဝတ်နှင့်မညီကြောင်း စောဒကတက်ခဲ့သည်။

ပီချစ်သည် တရားရုံးဝန်ထမ်းများကို လာဘ်ထိုးရန် ကြိုးပမ်းခဲ့မှုအတွက် ယာယီအကျဉ်းချခံခဲ့ရသည်။

ဝန်ကြီးချုပ်ကို ပစ်မှတ်ထားသည့် ထိုအမှုကို အထက်လွှတ်တော်အမတ်များက ဖွင့်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် နိုင်ငံရေးအတားအဆီးတစ်ခုဖြစ်သည်ဟု ပရွန်မင်က ပြောကြားခဲ့သည်။

ဆရီထာကမူ သူ့အနေဖြင့် အမှားအယွင်းလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး သူ့ကိုကာကွယ်ရန် အလွန်နာမည်ကြီးသည့် တရားရေးကျွမ်းကျင်သူတစ်ဦးကို ငှားရမ်းထားသည်။

“ကျွန်တော်တို့ဟာ သက်သေအားလုံးကို တင်သွင်းခဲ့ပြီး ယုံကြည်ချက်အရမ်းရှိနေပါတယ်”ဟု ပရွမ်မင်က ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အကယ်၍ ဆရီထာသည် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပါက အစိုးရအဖွဲ့သစ် ဖွဲ့ရမည်ဖြစ်ပြီး ဖြူးထိုင်းပါတီသည် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းသစ်ကို တင်မြှောက်ရမည်ဖြစ်သည်။       

Ref:Reuters

Most Read

Most Recent