ရုရှားသည် နယ်မြေချဲ့ထွင်လိုသည့် ရည်မှန်းချက်များမရှိဘဲ နေတိုးအဖွဲ့ကို တိုက်ခိုက်ရန်လည်း အစီအစဉ်မရှိကြောင်း ရုရှားသမ္မတပူတင် ပြောကြား

ရုရှားသည် နယ်မြေချဲ့ထွင်လိုသည့် ရည်မှန်းချက်များမရှိဘဲ နေတိုးအဖွဲ့ကို တိုက်ခိုက်ရန်လည်း အစီအစဉ်မရှိကြောင်း ရုရှားသမ္မတပူတင် ပြောကြား
ဇွန် ၅ ရက်က စိန့်ပီတာစဘတ်ချ်မြို့တွင် နိုင်ငံတကာသတင်းအေဂျင်စီများနှင့်ပြုလုပ်သည့် အစည်းအဝေးတွင် ရုရှားသမ္မတပူတင်ကို တွေ့ရစဉ်(Photo: AFP)
ဇွန် ၅ ရက်က စိန့်ပီတာစဘတ်ချ်မြို့တွင် နိုင်ငံတကာသတင်းအေဂျင်စီများနှင့်ပြုလုပ်သည့် အစည်းအဝေးတွင် ရုရှားသမ္မတပူတင်ကို တွေ့ရစဉ်(Photo: AFP)
Published 6 June 2024

ရုရှားသည် နယ်မြေချဲ့ထွင်လိုသည့် ရည်မှန်းချက်များမရှိဘဲ နေတိုးအဖွဲ့ကိုလည်း တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၅ ရက်က ပြုလုပ်ခဲ့သည့် ပြည်ပမီဒီယာများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ နယ်မြေချဲ့ထွင်လိုတဲ့ ရည်မှန်းချက်တွေ ရှိ၊ မရှိကို ကြည့်ဖို့မလိုပါဘူး။ အဲဒီရည်မှန်းချက်တွေ မရှိလို့ပါပဲ”ဟု ပူတင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အစည်းအဝေးပြုလုပ်သည့် ရုရှားနိုင်ငံပိုင် Gazprom သဘာဝဓာတ်ငွေ့ကုမ္ပဏီ၏ဌာနချုပ်တွင် ဆိုဗီယက်နှင့် ရုရှားအင်ပါယာအလံများထားရှိမှုနှင့်ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာန၏ မေးမြန်းမှုကို ပူတင်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မရှိတဲ့အရာတစ်ခုကို ကြည့်ဖို့မလိုပါဘူး။ ရုရှားကို ရန်သူတစ်ဦးအဖြစ် ပုံမဖော်ပါနဲ့။ သင်တို့ပဲ နာကျင်ရပါလိမ့်မယ်။ သူတို့ (အနောက်အုပ်စုမီဒီယာများ)ဆီမှာ ရုရှားက နေတိုးကို တိုက်ခိုက်ချင်နေတယ်ဆိုတဲ့ အယူအဆမျိုး ရှိနေပါတယ်။ အဲဒါက တော်တော်ကို ယုတ္တိမရှိတဲ့ အယူအဆဖြစ်ပါတယ်”ဟု ပူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်မီကလည်း ထိုကဲ့သို့ ရည်ရွယ်ချက်မျိုးမရှိကြောင်း လနှင့်ချီ ငြင်းဆိုခဲ့ကာ အနောက်နိုင်ငံများည် ယူကရိန်းနှင့် မဟာမိတ်ဖြစ်မှုကို အသုံးချပြီး ရုရှားကို ထိခိုက်စေရန် လုပ်ဆောင်နေကြောင်း တန်ပြန်စွပ်စွဲခဲ့သည်။

ရုရှားသည်ယူကရိန်း၏ နယ်မြေငါးခုကို သိမ်းယူကြောင်းနှင့် ပူတင်အပါအဝင် အခြားရုရှားအရာရှိများက ထိုနယ်မြေများသည် ရုရှားအင်ပါယာနှင့် ဆိုဗီယက်ယူနီယံက ယခင်ကတည်းက ပိုင်ဆိုင်ခဲ့ဖူးသည့် နယ်မြေများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဇွန် ၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပူတင်က ယူကရိန်း၌ ရုရှား၏ ရော့ကတ်တိုက်ခိုက်မှုကြောင့်ဟု ယူဆရဖွယ်ရှိသည့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့သည့် အေအက်ဖ်ပီ ဂျာနယ်လစ်အာမန် ဆိုလ်ဒင်၏ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာတွင် ကူညီပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့ သည်။

“ကျွန်တော်တို့ အင်အားရှိသမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ ဒီဖြစ်စဉ်ကို ကူညီပေးဖို့ ကျွန်တော်တို့ဘက်က အသင့်ပါပဲ”ဟု ပူတင်က ပြောကြားခဲ့သည်။

အဆိုပါ ဂျာနယ်လစ်သည် ယူကရိန်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေအတွင်းသေဆုံးခဲ့ခြင်းဖြစ်သဖြင့် ထိုဖြစ်စဉ်ကို စုံစမ်းစ်ဆေးသွားမည်မဟုတ်ကြောင်း ရုရှားအစိုးရက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ပြင်သစ်အစိုးရရှေ့နေများကမူ ဆိုလ်ဒင်၏ သေဆုံးမှုအခြေအနေကို သိရှိရန်အတွက် စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့သည်။

ဆိုလ်ဒင်သည် ၂၀၂၃ ခုနှစ်မေ ၉ ရက်က ယူကရိန်း၏ ချာဆစ်ဖ်ယာမြို့အနီးတွင် သတင်းလိုက်နေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် သူ့အသက်မှာ ၃၂ နှစ် ဖြစ်သည်။

သူသည် ချာဆစ်ဖ်ယာမြို့နှင့် ကီလိုမီတာ တစ်ဒါဇင်ခန့် အကွာအဝေးတွင်ရှိသည့် ဘက်ခ်မွတ်မြို့ တိုက်ပွဲကြောင်းကို သတင်းယူခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် ထိုမြို့ကို ကိုးလကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်။ မကြာသေးမီသီတင်းပတ်များအတွင်းတွင်လည်း ရုရှားတပ်များသည်အဆိုပါ ဒေသတွင် ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်။

Ref: AFP

Most Read

Most Recent