ရာဖာနယ်စပ်ဂိတ်ကို အစ္စရေးက ပိတ်ထားခြင်းကြောင့် အနည်းဆုံး လူနာ ၂,၀၀၀ သည် ဂါဇာကမ်းမြောင်မှ မထွက်ခွာနိုင်ဖြစ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ရာဖာနယ်စပ်ဂိတ်ကို အစ္စရေးက ပိတ်ထားခြင်းကြောင့် အနည်းဆုံး လူနာ ၂,၀၀၀ သည် ဂါဇာကမ်းမြောင်မှ မထွက်ခွာနိုင်ဖြစ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား
ရာဖာတွင် ပါလက်စတိုင်းအမျိုးသမီးတစ်ဦး ရေသယ်လာပုံကို ဇွန် ၂၂ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ရာဖာတွင် ပါလက်စတိုင်းအမျိုးသမီးတစ်ဦး ရေသယ်လာပုံကို ဇွန် ၂၂ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 27 June 2024

အီဂျစ်နှင့်ဂါဇာအကြားတွင်တည်ရှိသော ရာဖာနယ်စပ်ဂိတ်ကို ပိတ်ထားခြင်းက အနည်းဆုံး လူနာ၂,၀၀၀ ကို ဆေးဘက်ဆိုင်ရာ ရွှေ့ပြောင်းမှုပြုလုပ်ရေးအား တားဆီးလိုက်ခြင်းဖြစ်သည်ဟု ဇွန် ၂၅ ရက်တွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကပြောကြားလိုက်ပြီး ရာဖာလမ်းကြောင်းနှင့်အခြားလမ်းကြောင်းများကို ပြန်ဖွင့်ပေးရန် တောင်းဆို လိုက်သည်။

“ဂိတ်မပိတ်ခင်က တစ်ရက်ကိုခန့်မှန်းခြေ အရေးပေါ်လူနာ ၅၀ ဟာ ဂါဇာကနေ ထွက်သွားခဲ့ကြတာဖြစ်ပါ တယ်။ မေ ၇ ရက်ကတည်းက အနည်းဆုံး လူ ၂,၀၀၀ ဟာ ဆေးဝါးကုသမှုခံယူဖို့ ဂါဇာကနေ မထွက်ခွာနိုင်ခဲ့ ဘူးဆိုတဲ့သဘောဖြစ်နေပါတယ်”ဟု အ နောက်ဘက်ကမ်းနှင့်ဂါဇာတို့၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ကိုယ် စားလှယ်အဖြစ်ဆောင်ရွက်နေသူ ရစ်ပက်ပါကွန်းက ပြောကြားခဲ့သည်။

ရာဇာနယ်စပ်ဂိတ်သည် အစ္စရေးနှင့် ဟားမာ့စ်တို့ အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော စစ်ပွဲအစပိုင်း ကာလတွင် လူများရွှေ့ပြောင်းရေးအတွက်သာမက လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးတို့အတွက် အဓိက လမ်းကြောင်းဖြစ်ခဲ့သည်။ မေလထဲတွင် အစ္စရေးက ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာတွင် စစ်ဆင်ရေးလုပ်သည့်အခါ  ရာဖာနယ်စပ်ဂိတ်ကို ပိတ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ အီဂျစ်၊ ကာတာတို့သည် ရာဖာနယ် စပ်ဂိတ်ပြန်ဖွင့်ရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများပေးနိုင်ရေးတို့အတွက် လွန်ခဲ့သော သီတင်းပတ်ကုန်ပိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်ဟု အီဂျစ်လုံခြုံရေးသတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။      

ရာဖာဂိတ်မှအစ္စရေးစစ်သားများ ပြန်လည်ရုပ်သိမ်းသွားသည်ကို အီဂျစ်က ဆန္ဒရှိနေပြီး ထိုနေရာတွင် ပါလက်စတိုင်းသားများ ပြန်လည်နေထိုင်သည်ကို အီဂျစ်က လိုလားနေသည်ဆိုသော်လည်း ရာဖာဂိတ်သည် အပိတ်ခံထားရဆဲဖြစ်သည်။

အနီးအနားတွင် အစ္စရေးထိန်းချုပ်ထားသော ကာရမ်ရှာလွမ်ဂိတ်မှ ဖြတ်သန်းခြင်းသည် ဘေးမကင်းဟု ပက်ပါကွန်းက ပြောကြားခဲ့ပြီး အဆိုပါဂိတ်မှဖြတ်သန်းခြင်းသည် မလုံခြုံမှု၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကြန့်ကြာမှုများရှိနေသည်ဟု ဆိုသည်။

အနည်းဆုံး လူ ၁၀,၀၀၀ သည် ဂါဇာမှ ပြောင်းရွှေ့ရန် လိုအပ်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ စိတ်ဒဏ်ရာ ရထားသူများ၊ နာတာရှည်ရောဂါဖြစ်သူများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူ အရေအတွက်ကို လျှော့ပေါ့ခန့်မှန်းထားခြင်း ဖြစ်သည်ဟုဆိုသည်။

ဂါဇာမြောက်ပိုင်းမှ ခန်းယူနစ်ရှိနက် ဆာဆေးရုံသို့ပြောင်းရွှေ့ခဲ့သော ကလေးငါးဦးပါ အုပ်စုသည် ဂါဇာမှထွက်ခွာရန် စောင့်ဆိုင်းနေရဆဲဖြစ်သည်ဟု ပက်ပါကွန်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဖြစ်သော ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ အစပြု၍ဖြစ်ပွားခဲ့သော ဂါဇာစစ်ပွဲတွင် အစ္စရေးက ဟားမာ့စ်ကို ချေမှုန်းမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဂါဇာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်းကြောင့် ဂါဇာကမ်းမြောင်တွင် သေဆုံးသူ စုစုပေါင်း ၃၇,၆၅၈ ဦးရှိနေပြီဖြစ်သည်။

Ref:Reuters

Most Read

Most Recent