အဆင့်ခုနစ်ဆင့်ဖြင့် ကျင်းပနေသည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့် ဆန္ဒမဲပေးမှုများပြုလုပ်

အဆင့်ခုနစ်ဆင့်ဖြင့် ကျင်းပနေသည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့် ဆန္ဒမဲပေးမှုများပြုလုပ်
ဇွန် ၁ ရက်က အိန္ဒိယနိုင်ငံ ဒါရမ်ရှလာမြို့အနီးရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်(AP)
ဇွန် ၁ ရက်က အိန္ဒိယနိုင်ငံ ဒါရမ်ရှလာမြို့အနီးရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်(AP)
Published 1 June 2024

ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ ဆယ်စုနှစ်တစ်ခုကြာ အာဏာရယူထားမှုအပေါ် လူထုဆန္ဒခံယူပွဲအဖြစ်ရှု မြင်ခံထားရသည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့်မဲပေးမှုများကို ဇွန် ၁ ရက်က ပြုလုပ်ခဲ့သည်။

၎င်းရွေးကောက်ပွဲသည် အိန္ဒိယ၏ သမိုင်းတွင် အရေးအပါဆုံး ရွေးကောက်ပွဲတစ်ခုအဖြစ် ရှုမြင်ခံထားရသည်။ မိုဒီအနိုင်ရမည်ဆိုလျှင် ၎င်းသည် ဂျဝါဟလာနေရူး နောက်ပိုင်း ဝန်ကြီးချုပ်ရာထူးကို သက်တမ်းသုံးကြိမ်ဆက် ရယူနိုင်သည့် ဒုတိယမြောက် အိန္ဒိယခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ဖြစ်သည့် သတ္တမအဆင့် ဆန္ဒမဲပေးမှုများကို ပြည်နယ်ခုနစ်ခုနှင့် ပြည်ထောင်စုနယ်မြေတစ်ခုရှိ မဲဆန္ဒနယ် ၅၇ နေရာတွင် ပြုလုပ်ခဲ့သည်။

အိန္ဒိယ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမှုများကို ဧပြီ ၁၉ ရက်က စတင်ခဲ့ပြီး ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသည့် မဲဆန္ဒရှင်သန်း ၉၇၀ နီးပါးသည် ငါးနှစ်သက်တမ်းရှိ အောက်လွှတ်တော်အမတ် ၅၄၃ ဦးကို ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး ဧပြီ ၁၉ ရက်မှ ဇွန် ၁ ရက်အထိ အဆင့်ခုနစ်ဆင့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၈,၃၀၀ ကျော် ပါဝင်ရွေးကောက်ခံခဲ့သည်။

လူထုသဘောထားစစ်တမ်း အများစုတွင် မိုဒီနှင့် ၎င်း၏အာဏာရ ဘာရာတီယာဂျနာတာ(BJP)ပါတီသည် ကွန်ဂရက်ပါတီဦးဆောင်သော အတိုက်အခံမဟာမိတ်အင်အားစုကို ဦးဆောင်လျက်ရှိသည်။ မဲရေတွက် မှုများကို ဇွန် ၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကာ အဆိုပါနေ့နှောင်းပိုင်းတွင် မဲရလဒ်များထွက် ပေါ်လာမည်ဟု ခန့်မှန်းထားသည်။

တတိယမြောက် ရာထူးသက်တမ်းအတွက် ယှဉ်ပြိုင်ရွေးကောက်ခံနေသည့် မိုဒီသည် တိုင်းပြည်စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ပေးမည်ဟု ကတိပြုကာမဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ ဆင်းရဲနွမ်းပါးသူများ၏ လူနေမှုဘဝကို မြှင့်တင်ကာ ၂၀၄၇ ခုနှစ်အရောက်တွင် အိန္ဒိယသည်ဖွံ့ဖြိုးပြီးနိုင် ငံဖြစ်လာမည်ဟု မိုဒီက ကတိပြုထားသည်။

သို့သော် အိန္ဒိယလူဦးရေ ၁ ဒသမ ၄ ဘီလျံ၏ ၁၄ ရာခိုင်နှုန်းဖြစ်သော လူနည်းစုမွတ်စလင်ဘာသာဝင်များကို ပစ်မှတ်ထားသည့် လှုံ့ဆော်ဟောပြောမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် သီတင်း ပတ်များအတွင်း မဲဆွယ်စည်းရုံးရေးကာလသည် ရုတ်ရုတ်သဲသဲ အခြေအနေသို့ ရောက်ရှိခဲ့သည်။

မေ ၃၀ ရက်က မဲဆွယ်စည်းရုံးမှုများပြီး ဆုံးခဲ့ပြီးနောက် မိုဒီသည် ဟိန္ဒူသူတော်စင်တစ်ဦးကို ဂုဏ်ပြုထားသော အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာတစ်ခုသို့ သွားရောက်ကာ ကမ္မဋ္ဌာန်းထိုင်ခဲ့ပုံကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့သည်။ ယင်းလုပ်ရပ်သည် နိုင်ငံရေးထွင်လုံးဖြစ်ပြီး မဲဆွယ်ရေးကာလပြီးဆုံး ချိန်ဖြစ်သည့်အတွက် ရွေးကောက်ပွဲစည်းမျဉ်းများကို ချိုးဖောက်မှုဖြစ်သည်ဟု အတိုက်အခံကွန်ဂရက်ပါတီက ပြောကြားခဲ့သည်။

ဧပြီလတွင် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပကတည်းကပင် မိုဒီနှင့်သူ၏ BJP ပါတီ ထပ်မံအနိုင်ရလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် စတင်အာဏာရပြီးနောက်ပိုင်း မိုဒီသည် လူထုထောက်ခံမှုကို အကြီးအကျယ်ရရှိခဲ့ပြီး ၎င်းကိုထောက်ခံသူများက မိုဒီသည် ကမ္ဘာ့အလယ်တွင် အိန္ဒိယ၏ရပ်တည်မှုကို အဆင့်မြှင့်တင်ပေးသူဖြစ်သည် ဟု ရှုမြင်ခဲ့ကြသည်။

တစ်ချိန်တည်းတွင် မိုဒီအုပ်ချုပ်သည့် ကာလအတွင်းအထူးသဖြင့် မွတ်စလင်ဘာသာဝင်များအပါအဝင် လူနည်းစုဘာသာဝင်များအပေါ် ဗြောင်ကျကျတိုက်ခိုက်မှုများနှင့် အမုန်းစကားပြောဆိုမှုများဖြစ်ပွားခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယ၏ ဒီမိုကရေစီစနစ်သည် ယိမ်းယိုင်နေပြီဟု ၎င်းကိုဝေဖန်သူများက စွပ်စွဲခဲ့သည်။ ရာဟူးဂန္ဒီ ဦးဆောင်သည့် အတိုက်အခံများက မိုဒီ၏ဟိန္ဒူအမျိုးသားရေးမူဝါဒများကို ဝေဖန်ထိုးနှက်ခဲ့သည်။

Ref: AP

         

         

 

Most Read