မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ငါးပေခွဲကျော်အထိ ရေလျှံလျက်ရှိပြီး မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာတန်ဆောင်းအတွင်း ရေဝင်ရောက်

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ငါးပေခွဲကျော်အထိ ရေလျှံလျက်ရှိပြီး မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာတန်ဆောင်းအတွင်း ရေဝင်ရောက်
ရွှေစက်တော်ဘုရားအောက်ခြေတော်ရာ တန်ဆောင်းအတွင်း ရေဝင်ရောက်နေသည်ကို သြဂုတ် ၁ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- Mg Kyaw)
ရွှေစက်တော်ဘုရားအောက်ခြေတော်ရာ တန်ဆောင်းအတွင်း ရေဝင်ရောက်နေသည်ကို သြဂုတ် ၁ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- Mg Kyaw)
Published 2 August 2024

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံတွင် သြဂုတ် ၂ ရက် နံနက် ၆ နာရီ တိုင်းတာချက်အရ ရေပိုလွှဲမှငါးပေခွဲကျော်အထိ ရေလျှံလျက်ရှိပြီး မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာတန်ဆောင်းအတွင်း ရေလွှမ်းဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မန်းချောင်းရေလှောင်တမံတွင် ရေပြည့်မှတ်ကျော်လွန်သည်အထိ ရေဝင်ရောက်ခဲ့ကြောင်း၊ ထိုတမံ၏ ရေပိုလွှဲမှငါးပေကျော်အထိ ရေလျှံလျက်ရှိပြီး မင်းဘူး (စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော် ဘုရားအောက်ခြေတော်ရာတန်ဆောင်းအတွင်း ကြမ်းပြင်ကို ရေမြုပ်သည်အထိ မန်းချောင်းရေလျှံဝင်ရောက်လျက်ရှိကြောင်း၊ သို့သော် အောက်ခြေတော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် ဖုံးထားသောကြောင့် စိုးရိမ်ဖွယ်မရှိသည့်အပြင် မန်းချောင်း ရေပြည့်ရေလျှံစီးဆင်းသည့်အချိန်တိုင်း အောက်ခြေတော်ရာ တန်ဆောင်းအတွင်း ရေလျှံလေ့ရှိကြောင်း သိရသည်။

“အရင်ရက်တွေကတည်းက အောက်ခြေတော်ရာတန်ဆောင်း ကြမ်းပြင်နားအထိ ချောင်းရေကပ်လာနေခဲ့တာပါ။ မနေ့(သြဂုတ် ၁ ရက်)ကတော့  တန်ဆောင်းကြမ်းခင်းပေါ်ကို ရေကျော်လာပြီး ရေလွှမ်းခဲ့ပါတယ်။ ဒါပေမဲ့အဲဒီလို ရေလွှမ်းတာက မန်းချောင်းရေလျှံတိုင်း ဝင်ရောက်နေကျဖြစ်ပြီး စိုးရိမ်စရာမရှိ ပါဘူး။ ရေပြန်ကျသွားရင်တော့ တန်ဆောင်းထဲမှာ တင်ကျန်ရစ်တဲ့နုန်းတွေ အမှိုက်တွေကို သန့်ရှင်းရေးလုပ်ရလေ့ရှိပါတယ်”ဟု ရွှေစက်တော်ဘုရားအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

မန်းချောင်းရေလှောင်တမံသည် ငဖဲမြို့၏ အထက်ဘက်တွင် တည်ရှိပြီး ရေပြည့်အမှတ် ၆၂၅ ပေ ရှိကြောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သြဂုတ် ၂ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေ အမှတ် ၆၃၀ ဒသမ ၆ ပေရှိခဲ့ကြောင်း၊ မန်း ချောင်းသည် ရခိုင်ရိုးမ၏အရှေ့ဖျားဆုံး တောင်စွယ်များတွင် စတင်အခြေတည်စီးဆင်းပြီး ငဖဲ၊ ပွင့်ဖြူ၊ မင်းဘူးမြို့နယ်များအတွင်း ဖြတ်သန်း၍ မင်းဘူးမြို့နယ် မန်းကျိုးကျေးရွာအနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကြောင်းသိရသည်။

Most Read

Most Recent