■ သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြားတွင် ရထားလမ်း မိုင်းဖောက်ခွဲခံထားရခြင်းကြောင့် ရထားဖြတ်သန်းစဉ် စက်ခေါင်းနှင့်အတူ ရထားတွဲနှစ်တွဲ လမ်းချော်ကျမှု ဖြစ်ပွား

■ သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြားတွင် ရထားလမ်း မိုင်းဖောက်ခွဲခံထားရခြင်းကြောင့် ရထားဖြတ်သန်းစဉ် စက်ခေါင်းနှင့်အတူ ရထားတွဲနှစ်တွဲ လမ်းချော်ကျမှု ဖြစ်ပွား
Published 17 July 2024

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြားတွင် ရထားလမ်း မိုင်းဖောက်ခွဲခံထားရခြင်းကြောင့် ရထားဖြတ်သန်းစဉ် စက်ခေါင်းနှင့်အတူ ရထားတွဲနှစ်တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင် ၁၇ ရက်က မော်လမြိုင်မှထွက်ခွာလာသည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် လူစီးအမြန်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁၇-၁၅ သို့ ရထားရောက်ရှိဖြတ်သန်းစဉ် အဆိုပါနေရာ၌ ရထားလမ်း မိုင်းပေါက်ကွဲထားခြင်းကြောင့် သံလမ်း (၁) ပေခွဲခန့် ပြတ်တောက်နေသဖြင့် စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင် ပါရှိသော လူစီးတွဲ နှစ်တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရထားလမ်းချော်ကျမှုကြောင့် ခရီးသည်နှင့် ဝန်ထမ်းထိခိုက်မှုမရှိဘဲ သိမ်ဆိပ်-ဒုံဝန်း လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း၊ လမ်းပိုင်းပိတ်ဆို့မှုကြောင့် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန် လူစီးရထားသည် နံနက် ၁၁ နာရီ ၄၄ မိနစ်တွင် ကျိုက်ထိုသို့ ရောက်ရှိ ရပ်နားထားရကြောင်း သိရသည်။ 

လမ်းချော်ကျသည့် မော်လမြိုင်မှထွက်ခွာလာသော ခရီးသည် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ ဆက်လက်ထွက်ခွာနိုင်ရေးအတွက် ကျိုက်ထိုတွင် ရောက်ရှိနေသော အမှတ် (၈၁) အဆန် လူစီး အမြန်ရထားသည် ရထားလမ်းချော်ကျသည့်နေရာသို့ ရောက်ရှိပြီး ညနေ ၄ နာရီခွဲတွင် ခရီးသည်များအား ရထားကူးပြောင်းပြီးစီး၍ ညနေ ၅ နာရီခွဲတွင် အမှတ်(၈၂) အစုန် လူစီးအမြန်ရထားအဖြစ် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အမှတ် (၈၁) အဆန် လူစီးအမြန်ရထားမှ ခရီးသည်များ ဆက်လက်ထွက်ခွာနိုင်ရေးအတွက် လမ်းချော်ကျသော အမှတ် (၈၂) အစုန်တွဲဆိုင်း၏ လမ်းချော်မကျသောတွဲများဖြင့် ခရီးသည်များအား ကူးပြောင်းပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် သထုံဘူတာဘက်သို့ ထွက်ခွာပေးနိုင်ခဲ့ကြောင်း သိရသည်။ 

မိုင်းဖောက်ခွဲဖျက်စီးခံရမှုကြောင့် ရထားလမ်းချော်ကျမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော ရထားစက်ခေါင်းနှင့် လူစီးတွဲ နှစ်တွဲအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၂၀၆ ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း ၁၆၆ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၄၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

Most Read

Most Recent