အွန်လိုင်းလောင်းကစားသူများ၊ ငွေကြေးခဝါချသူများက မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့်ဘဏ်စာအုပ်များကို ကြားခံအသုံးချနေသဖြင့် မြန်မာလုပ်သားအချို့ ဖမ်းဆီးခံရခြင်း၊ ဝရမ်းထုတ်ခံရခြင်းများကြုံတွေ့နေ

အွန်လိုင်းလောင်းကစားသူများ၊ ငွေကြေးခဝါချသူများက မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့်ဘဏ်စာအုပ်များကို ကြားခံအသုံးချနေသဖြင့် မြန်မာလုပ်သားအချို့ ဖမ်းဆီးခံရခြင်း၊ ဝရမ်းထုတ်ခံရခြင်းများကြုံတွေ့နေ
Published 7 June 2024

အွန်လိုင်းလောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချသူများက မြန်မာလုပ်သားအချို့၏ ဘဏ်စာရင်းနှင့်ဘဏ်စာအုပ်များကို အသုံးချပြုလုပ်နေသဖြင့် ဖမ်းဆီးခံရခြင်း၊ ဖမ်းဝရမ်းထုတ်ခံရခြင်းများကြုံတွေ့နေရကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်သည်။

PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MOU မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် MOU ကုမ္ပဏီများမှ စီစဉ်ပေးသည့် ဘဏ်များ၌ ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရပြီး ယင်းသို့ပြုလုပ်ချိန်တွင် ဘဏ်လုပ်ငန်းစဉ်များနှင့် မရင်းနှီးသည့် မြန်မာလုပ်သားအချို့က MOU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်အား ကိုယ်စားလှယ်အချို့မှ ထိန်းသိမ်းထားခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု သံရုံးက ထုတ်ပြန်သည်။

အဆိုပါ မြန်မာလုပ်သားအချို့၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များက အွန်လိုင်းမှ တစ်ဆင့် လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချလိုသူများထံ မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်များကို အခကြေးငွေရယူပြီး ပေးအပ်ခဲ့ခြင်းများ ရှိခဲ့သည်ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။

ယင်းသို့အသုံးချခံရသည့် ဘဏ်စာရင်းများတွင် ငွေကြေးဝင်/ထွက်မှုများခြင်း၊ စုဆောင်းငွေများပြားခြင်း စသည့် မသင်္ကာဖြစ်ဖွယ်ကိစ္စများကြောင့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့အစည်းများမှ ဘဏ်စာရင်းစာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကို ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ကြုံနေရသဖြင့် ဖြေရှင်းပေးလျက်ရှိသည်ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။

ယင်းသို့ ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ချုပ်နှောင်ခြင်း တွေ့ကြုံပါက ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်၊ တယ်လီဖုန်းနံပါတ်၊ စာရင်းဖွင့်ခဲ့သည့်ဘဏ်အမည်နှင့် နယ်မြေ၊ ဘဏ်စာရင်းဖွင့်ရာတွင် လိုက်ပါဆောင်ရွက်ခဲ့သူ၏ ဓာတ်ပုံ အစရှိသည်တို့ကို ယူဆောင်ကာ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိရုံးသို့ လာရောက်အကူအညီတောင်းခံနိုင်သည်ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။

မြန်မာလုပ်သားများအနေဖြင့် ဘဏ်စာရင်း၊ ဘဏ်စာအုပ်နှင့် PIN နံပါတ်များကို မိမိတစ်ဉီးတည်း၊ သို့မဟုတ် မိသားစုထံတွင် သိမ်းဆည်းထားရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

 

Most Read

Most Recent