ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုများမြင့်တက်လျက်ရှိစဉ် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော နိုင်ငံများက နျူးကလီးယားလက်နက်များအတွက် သုံးစွဲမှု ပိုများလာသည်ဟု အစီရင်ခံစာနှစ်ခုတွင်ဖော်ပြ

ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုများမြင့်တက်လျက်ရှိစဉ် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော နိုင်ငံများက နျူးကလီးယားလက်နက်များအတွက် သုံးစွဲမှု ပိုများလာသည်ဟု အစီရင်ခံစာနှစ်ခုတွင်ဖော်ပြ
နိုင်ငံအလိုက် နျူကလီးယားလက်နက်များအတွက် သုံးစွဲမှုများကို ဖော်ပြထားသော ဂရပ်ဖ်ကိုတွေ့ရစဉ် (Photo:AFP)
နိုင်ငံအလိုက် နျူကလီးယားလက်နက်များအတွက် သုံးစွဲမှုများကို ဖော်ပြထားသော ဂရပ်ဖ်ကိုတွေ့ရစဉ် (Photo:AFP)
Published 17 June 2024

နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားသော နိုင်ငံများသည် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမားမှုများ မြင့်တက်နေချိန်တွင် ၎င်းတို့၏ နျူကလီးယားလက်နက်များကို ခေတ်မီအောင်လုပ်ဆောင်ခဲ့ကြသောကြောင့် လွန်ခဲ့သော ငါးနှစ်အတွင်းတွင် အဆိုပါနိုင်ငံ သုံးပုံတစ်ပုံသည် နျူကလီးယားလက်နက်များနှင့်ပတ်သက်၍ သုံးစွဲမှုများကိုတိုးမြှင့်ခဲ့ကြသည်ဟု  ဇွန် ၁၇ ရက်တွင် အစီရင်ခံစာနှစ်ခုက ဖော်ပြခဲ့သည်။

နျူကလီးယားလက်နက်များ တပ်ဆင်ထားသော နိုင်ငံကိုးနိုင်ငံသည် ယင်းလက်နက်များနှင့်ပတ်သက်၍ လွန်ခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ၉၁ ဘီလျံသုံးစွဲခဲ့သည်ဟု နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး ဆိုင်ရာအပြည်ပြည်ဆိုင်ရာအဖွဲ့(ICAN)၏ အစီရင်ခံစာသစ်အရ သိရသည်။

အဆိုပါအစီရင်ခံစာနှင့်စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) ကထုတ်ပြန်သော သီးခြားအစီရင်ခံစာတို့တွင် နျူကလီးယားလက်နက်ပိုုင်ဆိုင်သောနိုင်ငံများသည် နျူကလီး ယားလက်နက်သစ်များကို ခေတ်မီအောင်ဆောင်ရွက်ခြင်းနှင့် ယင်းလက်နက်များကို ဖြန့်ကြက်ထားရန် လုပ်ဆောင်နေခြင်းတို့ကြောင့် အသုံးစရိတ်များကို သိသိသာသာ တိုးမြှင့်နေကြသည်ဟု ဖော်ပြခဲ့ကြသည်။

“နျူကလီးယားလက်နက်ပြိုင်ပွဲ စတင်နေပြီလို့တောင် ပြောရတော့မယ်ထင်ပါတယ်” ဟု ICAN အကြီးအကဲ မယ်လစ်ဆာပါ့ခါက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ စစ်အေးပြီးကတည်းက နိုင်ငံတကာဆက်ဆံရေးတွေမှာ နျူကလီးယားလက်နက်တွေ ဒီလိုမျိုး သိသာထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကို မမြင်ဖူးသေးပါဘူး”ဟု SIPRI ၏အစုလိုက်အပြုံ လိုက်သေစေသော လက်နက်များ အစီအစဉ်၏အကြီးအကဲ ဝီဖရိုင်းဝမ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်ရှိ ခန့်မှန်းခြေ နျူကလီးယား ထိပ်ဖူးအရေအတွက်သည် ၂၀၂၄ ခုနှစ် အစပိုင်းတွင် အမှန်တကယ် ကျဆင်းသွားခဲ့ရာ အရေအတွက်အားဖြင့် ၁၂,၁၂၁ ခု ရှိခဲ့သည် ဟုဆိုသည်။ ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းခြေ နျူကလီးယားထိပ်ဖူး အရေအတွက်သည် ၁၂,၅၁၂ ခုရှိခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ထိုအထဲတွင် ဖျက်ဆီးရန် စီစဉ်ထားသော သက်တမ်းရင့် ထိပ်ဖူးဟောင်း အချို့ပါဝင်နေ သည်ဟုဆိုသည်။ ထို့ကြောင့်  အသုံးပြုနိုင်သည့် ထိပ်ဖူးအရေအတွက်သည် ၉,၅၈၅ ခုရှိရာ ၂၀၂၃ ခုနှစ်တုန်းက အရေအတွက်ထက် ကိုးခုပိုများသည်ဟု ဆိုသည်။

ထိပ်ဖူး ၂,၁၀၀ သည် ပဲ့ထိန်းဒုံးကျည်များဖြင့် အသုံးပြုနိုင်ခြေမြင့်မားသော အခြေအနေတွင်ရှိနေသည်ဟု ဆိုသည်။

အသုံးပြုနိုင်ခြေများသော ထိပ်ဖူးအရေအတွက် အားလုံးနီးပါးကို အမေရိကန်ပြည်ထောင်စုနှင့်ရုရှားတို့က ကိုင်ထားကြခြင်းဖြစ်သည်ဆိုသော်လည်း ပထမဆုံးအနေဖြင့်တရုတ်သည်လည်း အသုံးပြုနိုင်ခြေမြင့်မားသော ထိပ်ဖူးအချို့ကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ရကြောင်း SIPRI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အေးခေတ် လက်နက်များကို တဖြည်းဖြည်း ဖျက်သိမ်းလျက်ရှိသောကြောင့် တစ်ကမ္ဘာလုံးရှိ နျူကလီးယား ထိပ်ဖူးစုစုပေါင်းသည် ဆက်လက်ကျဆင်းနေသည်ဟု ဆိုသည်။ သို့ရာတွင် အသုံးပြုနိုင်သော နျူကလီးယား ထိပ်ဖူးအရေအတွက်သည် နှစ်အလိုက်တိုးနေသည်ဟု ဆိုသည်။              

Ref:AFP

Most Read

Most Recent