လားရှိုးရှိ အမှတ်(၉) တပ်မတော် ခုတင် ၁ဝဝ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ပြီးနောက် ဒဏ်ရာရသူများနှင့် ၎င်းတို့၏မိသားစုဝင်လူနာစောင့်များ၊ ဆေးရုံတက်ရောက်ကုသနေသည့် ဒေသခံများ စုစုပေါင်း ၁၀၀ ကျော် ဖမ်းဆီးသွားကြောင်းသိရ

လားရှိုးရှိ အမှတ်(၉) တပ်မတော် ခုတင် ၁ဝဝ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ပြီးနောက် ဒဏ်ရာရသူများနှင့် ၎င်းတို့၏မိသားစုဝင်လူနာစောင့်များ၊ ဆေးရုံတက်ရောက်ကုသနေသည့် ဒေသခံများ စုစုပေါင်း ၁၀၀ ကျော် ဖမ်းဆီးသွားကြောင်းသိရ
Published 2 August 2024

လားရှိုးရှိ အမှတ်(၉) တပ်မတော် ခုတင် ၁ဝဝ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ပြီးနောက် ဒဏ်ရာရသူများနှင့် ၎င်းတို့၏မိသားစုဝင်လူနာစောင့်များ၊ ဆေးရုံတက်ရောက်ကုသနေသည့် ဒေသခံများ စုစုပေါင်း ၁၀၀ ကျော် ဖမ်းဆီးသွားကြောင်းသိရသည်။

ထိုသို့ လူ ၁၀၀ ကျော်အားဖမ်းဆီးသွားသည့်  ရုပ်သံဖိုင်သည် လူမှုကွန်ရက်တွင်ပျံ့နှံလျက်ရှိသည်။

  ပျံ့နှံနေသည့် ရုပ်သံဖိုင်အရ ဖမ်းဆီးခံရသူ ၁၀၀ ကျော်တွင် ကလေးငယ်များ၊ အမျိုးသမီးများကိုတွေ့ရပြီး အမျိုးသားများတွင် အများစုသည် ဒဏ်ရာရရှိသူများဖြစ်သည်ကိုတွေ့ရသည်။

လားရှိုး အမှတ်(၉) တပ်မတော်ခုတင် ၁၀၀ ဆေးရုံသည် ပြီးခဲ့သည့်နှစ်ရက်ခန့်မှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁ ရက်တွင် MNDAA အဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ယင်းဖြစ်စဉ်တွင် ဆရာဝန်များ၊ သူနာပြုများ သတ်ဖြတ်ခံသည်ဟုသိရပြီး ယခုဖမ်းဆီးသွားသူများတွင်လည်း ဆရာဝန်များ၊ သူနာပြုများကိုမတွေ့ရှိရဘဲ အရပ်ဝတ် ဝတ်ဆင်ထားသူများကိုသာတွေ့ရသည်။

တပ်မတော်ဆေးရုံမှ MNDAA အဖွဲ့က ဖမ်းဆီးသွားသည့် ရုပ်သံဖိုင်အားကြည့်ပါက ၎င်းတို့ဖမ်းဆီးသွားသူများသည် ဒဏ်ရာပြင်းထန်ခြင်းမရှိသည့် လမ်းလျှောက်နိုင်သူများနှင့် မိသားစုဝင်များကိုသာ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတွေ့ရပြီး လမ်းမလျှောက်နိုင်သူများ၊ ဒဏ်ရာအပြင်းအထန်ရရှိထားသူများ၊ ဆရာဝန်များ၊ သူနာပြုများကို ပျံ့နှံ့လာသည့်ရုပ်သံဖိုင်တွင် မတွေ့ရပေ။

Eleven Media Group ၏စုံစမ်းသိရှိရမှုအရ အမှတ်(၉) တပ်မတော်ခုတင် ၁ဝဝ ဆေးရုံအား MNDAA နှင့် ပူးပေါင်းအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက်တိုက်ခိုက်မှုတွင် လူတစ်ရာကျော် သတ်ဖြတ်ခံရကြောင်းသိရသည်။ လမ်းမလျှောက်နိုင်သူများ၊ ဒဏ်ရာအပြင်းအထန်ရရှိထားသူများ၊ ဆရာဝန်များ၊ သူနာပြုများကို ကံကြမ္မာအခြေအနေကို သေချာစွာမသိရပေ။ အဆိုပါဆေးရုံတွင် တပ်မတော်မှ ဒဏ်ရာရနေသူများ၊ လားရှိုးမြို့ တိုက်ပွဲစတင်ချိန်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူရန် မရသဖြင့် တပ်မတော်ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိနေသော ဒေသခံအချို့လည်းရှိနေကြောင်းကြားသိရသည်။

ထို့အပြင် ဆေးရုံစီးနင်းတိုက်ခိုက်ခံရမှုနှင့် သတ်ဖြတ်ခံရမှုအခြေအနေအပေါ် သတင်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ယင်းဖြစ်စဉ်အသေးစိတ်အား စုံစမ်းစစ်ဆေးမှုကို စနစ်တကျ ပြုလုပ်ပြီးမှသာလျှင် တိတိကျကျ သိရှိနိုင်မည်ဖြစ်သည်။

ယင်းကဲ့သို့ တပ်ဆေးရုံ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံး မှု အခြေအနေများနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ အနေဖြင့်  လက်ရှိအချိန်ထိ သတင်းမီဒီယာများ၏ မေးမြန်မှုအပေါ် တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်လာခြင်း မရှိသေးပေ။ ယင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်များ ထပ်မံရရှိပါက အချိန်နှင့်တပြေးညီ ဖော်ပြပေးမည်ဖြစ်ပါသည်။

Most Read

Most Recent