အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များ ပေးပို့လာခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ် ဆိုင်းငံ့ပြီး ဒဏ်ကြေးများ စတင်ကောက်ခံတော့မည်

အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များ ပေးပို့လာခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ် ဆိုင်းငံ့ပြီး ဒဏ်ကြေးများ စတင်ကောက်ခံတော့မည်
Published 24 July 2024

အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များ ပေးပို့လာခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ် ဆိုင်းငံ့ပြီး ဒဏ်ကြေးများ စတင်ကောက်ခံတော့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့သည့်အလုပ်သမားအေဂျင်စီများမှာ ၂၀၆ ခုအထိရှိနေပြီး ၂၀၂၄ ခုနှစ်အတွင်းမှစပြီး လိုင်စင်ရရှိသူများလည်း စေလွှတ်ခြင်းမရှိသည့်အခြေအနေများကို မဖြစ်မနေပေးပို့ ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

“၂၆.၇.၂၀၂၄ ရက်မတိုင်မီ ပေးပို့လာခြင်းမရှိသည့်အေဂျင်စီများကို စေလွှတ်ရေးလုပ်ငန်းစဉ် စတင်ဆိုင်းငံ့၍ ဒဏ်ကြေးစတင် ကောက်ခံမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ရေးသားထားသည်။

“အေဂျင်စီလိုင်စင်ယူထားပြီး အေဂျင်စီရဲ့အလုပ်တွေကိုမလုပ်နိုင်ရင် လိုင်စင်ပြန်အပ်တာကောင်းပါတယ်။ အများနဲ့အလုပ်လုပ်ရတဲ့ တာဝန်အတွက်အနှောက်အယှက်ဖြစ်ပါတယ်။ ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ကြော်ညာစာထွက်တဲ့အချိန်ကြရင်တော့ လုံးဝ remainder မလုပ်တော့ပါဘူး” ဟု အလုပ်သမားဝန်ကြီးဌာန လက်အောက်ခံလူမှုကွန်ရက်စာမျက်နှာ Safe Migration က ရေးသားထားသည်။

ဇွန်လကုန်ပိုင်းအထိ စာရင်းများအရ ပြည်ပသို့ အလုပ်သမားပို့ဆောင်ပေးနေသည့် လိုင်စင်ရအေဂျင်စီများမှာ ၅၆၅ ခုရှိသည်။

ယင်းတို့အနက်အချို့မှာ လိုင်စင်ယာယီပိတ်သိမ်းခံရခြင်းများရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီလိုင်စင် ယာယီပိတ်သိမ်းခံထားရသည့် အေဂျင်စီများမှာ ခုနစ်ခုရှိပြီး အများဆုံး သုံးနှစ်အထိ လိုင်စင်ယာယီပိတ်သိမ်းခံထားရသည့် အေဂျင်စီတစ်ခုပါဝင်သည်ကိုလည်း တွေ့ရသည်။

Most Read

Most Recent