စီးရီးအေသို့ ကွန်တီ တစ်ကျော့ပြန်ခြေချဖွယ်ရှိနေပြီး နာပိုလီအသင်းအား နည်းပြအဖြစ် ကိုင်တွယ်ရန် ရေပန်းအစားဆုံးဖြစ်နေဟု အီတလီမီဒီယာများ ဖော်ပြ

စီးရီးအေသို့ ကွန်တီ တစ်ကျော့ပြန်ခြေချဖွယ်ရှိနေပြီး နာပိုလီအသင်းအား နည်းပြအဖြစ် ကိုင်တွယ်ရန် ရေပန်းအစားဆုံးဖြစ်နေဟု အီတလီမီဒီယာများ ဖော်ပြ
Photo: X
Photo: X
Published 13 May 2024

ဂျူဗင်တပ်စ်၊ အီတလီလက်ရွေးစင်အသင်း၊ ချယ်လ်ဆီး၊ အင်တာမီလန်နှင့် စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့သည့် အီတလီလူမျိုးနည်းပြ ကွန်တီသည် ၎င်း၏နည်းပြဘဝအောင်မြေဖြစ်သည့် အီတလီစီးရီးအေသို့ တစ်ကျော့ပြန်ခြေချဖွယ်ရှိနေပြီး ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

အသက် (၅၄)နှစ်အရွယ်ရှိ ကွန်တီသည် ဂျူဗင်တပ်စ်၊ အီတလီလက်ရွေးစင်အသင်းနှင့် အင်တာမီလန်အသင်းတို့အပါအဝင် နည်းပြဘဝတစ်လျှောက် အီတလီကလပ်အသင်း (၈) သင်းကို ကိုင်တွယ်ခဲ့ဖူးပြီး စီးရီးအေချန်ပီယံဆု (၄)ကြိမ်အပါအဝင် ပြည်တွင်းဆုဖလား (၇)လုံးအထိ ရယူနိုင်ခဲ့သူဖြစ်သည်။

ကွန်တီသည် ပြီးခဲ့သည့် ၂၀၂၃ မတ်လအတွင်း စပါးအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး လက်ရှိတွင် နည်းပြလောကသို့ ပြန်လည်ခြေချရန် စီစဉ်ခဲ့နေခြင်းဖြစ်သည်။

နာပိုလီအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက နည်းပြဟောင်း စပယ်လက်တီ၏လက်အောက်တွင် စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ရလဒ်မတည်ငြိမ်မှုများနှင့် ရုန်းကန်ခဲ့ရပြီး စီးရီးအေပွဲစဉ် (၃၆)ပွဲ ကစားပြီးချိန်တွင် ရမှတ် (၅၁)မှတ်ဖြင့် အဆင့် (၈) နေရာတွင် ရပ်တည်နေသလို၊ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရတဲ့အထိ ပြိုဆင်းသွားခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က အသင်းအား အကြီးစားပြင်ဆင်မှုများပြုလုပ်ရန် စီစဉ်နေပြီး နည်းပြနေရာအတွက် ၀ါရင့်နည်းပြ ကွန်တီအား ပစ်မှတ်ထားနေခြင်းဖြစ်သည်။

နာပိုလီအသင်းသည် ကွန်တီအပြင် ပီအိုလီ၊ အီတာလီယာနိုနှင့် ဂတ်စ်ပါရီနီတို့ကိုလည်း အသင်း၏ နည်းပြလျာထားစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

Most Read

Most Recent