ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများထဲတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ် အင်္ဂလန်အသင်းနှင့် ကစားသမားအဖြစ် ဘာပေ ရပ်တည်

ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများထဲတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ် အင်္ဂလန်အသင်းနှင့် ကစားသမားအဖြစ် ဘာပေ ရပ်တည်
Photo: The Sun
Photo: The Sun
Published 13 June 2024

၂၀၂၄ ယူရိုပြိုင်ပွဲဝင် အသင်းများထဲတွင် နာမည်ကျော် အင်္ဂလန်အသင်းက စျေးကွက်တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီး ပြိုင်ပွဲဝင်ကစားသမားများထဲတွင် ပြင်သစ်တိုက်စစ်မှူး ဘာပေက စျေးကွက်တန်ဖိုးအမြင့်ဆုံးအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

နည်းပြ ဆောက်ဂိတ် ဦးဆောင်သည့် အင်္ဂလန်အသင်း၏ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်  ကစားသမား (၂၆) ဦးစာရင်းတွင် ရပ်ရှ်ဖို့ဒ်၊ ဂရီးလစ်ရှ်၊ မက်ဂွိုင်းရားတို့ကဲ့သို့ နာမည်ကျော် ကစားသမားများ ပါဝင်ခြင်းမရှိသော်လည်း အသင်း၏ လက်ရှိစျေးကွက်တန်ဖိုးမှာ ပေါင် (၁.၂၁၇) ဘီလီယံအထိ ရှိနေကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။

Flashscore က ယူရိုပြိုင်ပွဲဝင် အသင်းပေါင်း (၂၄) သင်းရှိ ကစားသမားများ၏ စျေးကွက်တန်ဖိုးများကို တွက်ချက်ခဲ့ကာ ယခုစစ်တမ်းကို ထုတ်ပြန်ခဲ့ပြီး အင်္ဂလန်အသင်းက စျေးကွက်တန်ဖိုးအမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းတွင် ဟာရီကိန်း၊ ဆာကာ၊ ဖိုဒန်တို့လို စျေးကွက်တန်ဖိုးမြင့်မားသည့် ကြယ်ပွင့်ကစားသမားများ ပါဝင်နေပြီး အသက် (၂၀) အရွယ် ဘယ်လင်ဟမ်မှာ ပေါင် (၁၆၅) သန်းဖြင့် အင်္ဂလိပ်ကစားသမားများထဲတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့သည်။

Flashscore ၏စစ်တမ်းအရ စျေးကွက်တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ် အင်္ဂလန်အသင်းပြီးနောက် ပြင်သစ်အသင်းက ပေါင် (၁.၀၇၃) ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

အင်္ဂလန်နှင့် ပြင်သစ်အသင်းတို့သာ ပေါင်ဘီလီယံကျော်ခဲ့ပြီး ၎င်းတို့နောက်တွင် ပေါ်တူဂီ(ပေါင် ၈၉၈ သန်း)၊ စပိန်(ပေါင် ၇၈၄ သန်း)၊ နယ်သာလန်(ပေါင် ၆၈၆ သန်း)၊ ဂျာမနီ(ပေါင် ၆၇၉ သန်း)၊ အီတလီ(ပေါင် ၅၉၁ သန်း)၊ ဘယ်လ်ဂျီယံ(ပေါင်သန်း ၅၁၀)၊ ဒိန်းမတ်(ပေါင် ၃၅၈ သန်း)နှင့် တူရကီ(ပေါင် ၃၂၁ သန်း)တို့က အဆင့် (၃)မှ အဆင့် (၁၀) အတွင်း အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။

ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ကစားသမားများထဲတွင်မူ စျေးကွက်တန်ဖိုးအမြင့်ဆုံးအဖြစ် ပြင်သစ်အသင်းခေါင်းဆောင် ဘာပေ(၂၅ နှစ်)က ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ဘာပေ၏ လက်ရှိစျေးကွက်တန်ဖိုးမှာ ပေါင်သန်း (၁၇၀) ရှိကြောင်း Flashscore က ဖော်ပြခဲ့သည်။

ဘာပေ၏နောက်တွင် အင်္ဂလန်လူငယ်ကြယ်ပွင့်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ပေါင် (၁၆၅)သန်းဖြင့် ရပ်တည်ခဲ့သည်။

၎င်းနောက်တွင် ဖိုဒန် (အင်္ဂလန်)၊ ဆာကာ (အင်္ဂလန်)၊ မူဆီယာလာ(ဂျာမနီ)၊ ဖလော်ရီယန်ဗက်ဇ်(ဂျာမနီ) ဒက်ကလန်ရိုက်(အင်္ဂလန်) ရိုဒရီ(စပိန်)တို့ အစဉ်လိုက်ရပ်တည်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent