အူဆိုက်နှင့် တိုင်ဆန်ဖျူရီ မကျေပွဲတွင် တိုင်ဆန်ဖျူရီ အနိုင်ရမည်ဟု ပွဲစီစဉ်သူ ဘော့အာရမ် ယုံကြည်

အူဆိုက်နှင့် တိုင်ဆန်ဖျူရီ မကျေပွဲတွင် တိုင်ဆန်ဖျူရီ အနိုင်ရမည်ဟု ပွဲစီစဉ်သူ ဘော့အာရမ် ယုံကြည်
Photo: Getty Images
Photo: Getty Images
Published 29 May 2024

 

အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ပေါင်းစည်းပွဲ၌ ရှုံးနိမ့်ခဲ့သည့် တိုင်ဆန်ဖျူရီအနေဖြင့် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ၎င်း၏အမေရိကန်ပွဲစီစဉ်သူ ဘော့အာရမ်က ပြောကြားခဲ့သည်။ 

တိုင်ဆန်ဖျူရီအနေဖြင့် အူဆိုက်နှင့် မကျေပွဲထိုးသတ်ရမည့် စာချုပ်ပါစည်းကမ်းချက်ကို အကောင်အထည်ဖော်ရန် တောင်းဆိုထားကြောင်း ဘော့အာရမ်က ထပ်လောင်းအတည်ပြုခဲ့သည်။ WBC ဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့ သမား တိုင်ဆန်ဖျူရီနှင့် WBA (Super)၊ WBO ၊ IBF ဟဲဗီးဝိတ်တန်းချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အူဆိုက်သည် မေ(၁၈)ရက်က ဆော်ဒီနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်ရာ အူဆိုက်က အမှတ်ဖြင့် အနိုင် ရပြီး ခါးပတ်လေးခုစလုံး ရယူနိုင်သည့် အငြင်းပွားဖွယ်မရှိ ပထမဆုံးဟဲဗီးဝိတ်တန်းချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

"မကျေပွဲထိုးရမယ့်အချက် ပါဝင်ပြီး တိုင်ဆန်ကလည်း ဒီမကျေပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်။ ဒီပွဲက အခုနှစ်အဆုံးပိုင်း၊ ဒါမှမဟုတ် လာမယ့်နှစ်အစမှာ ဖြစ်ပါလိမ့်မယ်။ ရီယာ့ဒ်မှာပဲ ပြန်ထိုးသတ်လိမ့်မယ်။ စာချုပ်လည်းရှိပြီး လက်ဝှေ့သမား နှစ်ဦးစလုံး လက်မှတ်ထိုးထားပြီးသားပါ။ မကျေပွဲမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရအောင်။ အတော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ နိုင်သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေပေါ့။ မကျေပွဲမှာ တိုင်ဆန် အနိုင်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု လက်ဝှေ့ပွဲစီစဉ်သည့် Top Rank အဖွဲ့အစည်း၏ CEO ဖြစ်သူ ဘော့အာရမ်က ပြောကြားခဲ့သည်။ 

မကြာသေးမီက တိုင်ဆန်ဖျူရီ၏ အခြားပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဖရန့်ဝါရင်က မကျေပွဲမှာ အောက်တိုဘာလအတွင်း ဖြစ်ဖွယ်ရှိကြောင်း ဆိုထားသည်။ ထို့ပြင် ဘော့အာရမ်က တိုင်ဆန်ဖျူရီအနေဖြင့် ဂျိုရှူအာနှင့် ထိုးသတ်မည်မှာ သေချာကြောင်း အတည်ပြုခဲ့သည်။

အူဆိုက်မှာလည်း IBF ချန်ပီယံခါးပတ်အတွက် မဖြစ်မနေထိုးသတ်ရမည့် ခရိုအေးရှားလက်ဝှေ့သမား ဟဲဂိုဗစ်နှင့်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုထားကြောင်း IBF ဥက္ကဋ္ဌ ဒယ်ရီလ်ပီးပဲလ်က အတည်ပြုပြောကြားသည်။ ကနဦးတွင် အူဆိုက်အနေဖြင့် IBF ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် ငြင်းဆန်ပါက ခါးပတ်စွန့်လွှတ်ရဖွယ်ရှိကြောင်း  သတင်းများထွက်ပေါ်လျက်ရှိပြီး တိုင်ဆန်ဖျူရီနှင့် မကျေပွဲမှာ ခါးပတ်သုံးခုအတွက်သာ ယှဉ်ပြိုင်ရဖွယ်ရှိနေခြင်းဖြစ်သည်။

Most Read

Most Recent