၀ါရင့်တိုက်စစ်မှူး ကျော်ကိုကို ရှမ်းယူနိုက်တက်အသင်းတွင် လာရောက်လေ့ကျင့်နေ

၀ါရင့်တိုက်စစ်မှူး ကျော်ကိုကို ရှမ်းယူနိုက်တက်အသင်းတွင် လာရောက်လေ့ကျင့်နေ
Photo: YMT Facebook
Photo: YMT Facebook
Published 12 June 2024

 

၀ါရင့်တိုက်စစ်မှူး ကျော်ကိုကိုသည် MNL ထိပ်သီးကလပ် ရှမ်းယူနိုက်တက် အသင်းတွင် လာရောက်လေ့ကျင့်နေကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် တိုက်စစ်မှူး ကျော်ကိုကို ကို ၂၀၂၃ ရာသီမစတင်မီက ခေါ်ယူဖူးသော်လည်း ကစားသမားမှတ်ပုံတင်ရန် စာရွက်စာတမ်း မပြည့်စုံသဖြင့် စာချုပ်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ကျော်ကိုကိုသည် ထိုင်းလိဂ်-၂ ကလပ် ဖာရေး ယူနိုက်တက်အသင်းတွင် သွားရောက်ကစားခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် MNL ကလပ် ရခိုင်ယူနိုက်တက်အသင်းတွင် ပြောင်းရွှေ့ကစားခဲ့သည်။ 

မြန်မာနေရှင်နယ်လိဂ်သည် MNL League Cup ပြိုင်ပွဲ အုပ်စုပွဲများ ယှဉ်ပြိုင်ရာတွင် နိုင်ငံခြားသားကစားသမားများ၊ ပြည်ပကလပ်များတွင် ကစားခဲ့သည့် ပြည် တွင်းကစားသမားများကို ခေါ်ယူအသုံးပြုရာတွင် ITC လက်မှတ် ပြသရန်မလိုဘဲ ဆီမီးဖိုင်နယ်အဆင့်မှသာ ယင်းစည်းမျဉ်း စတင်ကျင့်သုံးခြင်းဖြစ်သည်။ 

ကျော်ကိုကိုသည် ရခိုင်ယူနိုက်တက်အသင်းနှင့်အတူ MNL League Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး သွင်းဂိုးအများဆုံးစာရင်းတွင် ထိပ်ဆုံးရပ်တည်နိုင်ခဲ့သော်လည်း ရခိုင်ယူနိုက်တက် အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် တိုက်စစ်ပိုင်းအားဖြည့်ရန်အတွက် ကျော်ကိုကိုအား ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားသော်လည်း ကစားသမားမှတ်ပုံတင်ရန် စာရွက်စာတမ်းပြည့်စုံမှသာ အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ 

ကျော်ကိုကိုသည် မြန်မာနေရှင်နယ်လိဂ်ကလပ်များဖြစ်သည့် ဇေယျာရွှေမြေ၊ ရန်ကုန်နှင့် ရခိုင်ယူနိုက်တက်အသင်းတို့တွင် ကစားဖူးပြီး ထိုင်းကလပ်များတွင် ၂၀၁၈ ခုနှစ်ကတည်းက သွားရောက်ကစားခဲ့ကာ အသင်းစုစုပေါင်း ခြောက်သင်းတွင် ပါဝင်ကစားခဲ့သည်။

Most Read

Most Recent