အပြောင်းအလဲများစွာနဲ့ အားပြိုင်ဦးမယ့် စီးရီးအေ

အပြောင်းအလဲများစွာနဲ့ အားပြိုင်ဦးမယ့် စီးရီးအေ
Photos: Getty Images
Photos: Getty Images
Published 17 August 2024
Phoe Thar

(၂၀)ရာစုနှောင်းပိုင်းနဲ့ (၂၁) ရာစုအစပိုင်းကာလတွေမှာ ဥရောပဘောလုံးလောကကို အတိုင်းအဆမဲ့လွှမ်းမိုးနိုင်ခဲ့တဲ့ စီးရီးအေဟာ ၂၀၀၆ လုပ်ပွဲအရှုပ်တော်ပုံဂယက်နဲ့အတူ ပုံရိပ်တဖြည်းဖြည်းကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ်၊ လာလီဂါတို့လို ပြိုင်ဘက်လိဂ်တွေရဲ့ပြတ်ပြတ်သားသားကျော်တက်ခြင်းကိုခံခဲ့ရတယ်။ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေခြေချရာ ဖြစ်ခဲ့တဲ့ စီးရီးအေရပ်ဝန်းဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘဏ္ဍာရေးအကျပ်အတည်းတွေ၊ ဥရောပအောင်ပွဲတွေနဲ့ ဝေးကွာခဲ့ရခြင်းတွေနဲ့အတူ ကြယ်ပွင့်ကစားသမားတွေတဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး တကယ်ပဲ စီးရီးအေရဲ့ခေတ်တစ်ခုကုန်ဆုံးသွားပြီလားဆိုတဲ့ မေးခွန်းတွေကျယ်လောင်လာခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာပဲ စီးရီးအေဟာ အကြိတ်အနယ်ရှိတဲ့ စကူဒက်တိုချန်ပီယံဆုအားပြိုင်မှုတွေ၊ ဥရောပပြိုင်ပွဲတွေမှာ အီတလီအသင်းတွေအဆင့်တစ်ခုထိ ပြန်လည်ရောက်ရှိခဲ့ခြင်းတွေနဲ့အတူ ပြိုင်ပွဲရဲ့အရှိန်အဟုန်ပိုမိုပြင်းထန်လာခဲ့ပြီး ထိပ်တန်းအဆင့်နည်းပြ၊ ကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း ခပ်စိပ်စိပ်ပြန်လည်တွေ့မြင်လာခဲ့ရတယ်။ 

 

ပြီးခဲ့တဲ့ နောက်ဆုံး (၅)ရာသီမှာ မတူညီတဲ့ ချန်ပီယံ (၄)သင်းထွက်ပေါ်ခဲ့ခြင်းနဲ့အတူ စီးရီးအေရဲ့ အားပြိုင်မှုတွေက ပရိသတ်အတွက် စောင့်ကြည့်ရင်ခုန်စရာဖြစ်လာခဲ့တယ်။ (၂၀)ရာစုနှောင်းပိုင်းနဲ့ (၂၁) ရာစုအစပိုင်းကာလတွေမှာ ဥရောပဘောလုံးလောကကို အတိုင်းအဆမဲ့လွှမ်းမိုးနိုင်ခဲ့တဲ့ စီးရီးအေဟာ ၂၀၀၆ လုပ်ပွဲအရှုပ်တော်ပုံဂယက်နဲ့အတူ ပုံရိပ်တဖြည်းဖြည်းကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ်၊ လာလီဂါတို့လို ပြိုင်ဘက်လိဂ်တွေရဲ့ပြတ်ပြတ်သားသားကျော်တက်ခြင်းကိုခံခဲ့ရတယ်။ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေခြေချရာ ဖြစ်ခဲ့တဲ့ စီးရီးအေရပ်ဝန်းဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘဏ္ဍာရေးအကျပ်အတည်းတွေ၊ ဥရောပအောင်ပွဲတွေနဲ့ ဝေးကွာခဲ့ရခြင်းတွေနဲ့အတူ ကြယ်ပွင့်ကစားသမားတွေတဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး တကယ်ပဲ စီးရီးအေရဲ့ခေတ်တစ်ခုကုန်ဆုံးသွားပြီလားဆိုတဲ့ မေးခွန်းတွေကျယ်လောင်လာခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာပဲ စီးရီးအေဟာ အကြိတ်အနယ်ရှိတဲ့ စကူဒက်တိုချန်ပီယံဆုအားပြိုင်မှုတွေ၊ ဥရောပပြိုင်ပွဲတွေမှာ အီတလီအသင်းတွေအဆင့်တစ်ခုထိ ပြန်လည်ရောက်ရှိခဲ့ခြင်းတွေနဲ့အတူ ပြိုင်ပွဲရဲ့အရှိန်အဟုန်ပိုမိုပြင်းထန်လာခဲ့ပြီး ထိပ်တန်းအဆင့်နည်းပြ၊ ကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း ခပ်စိပ်စိပ်ပြန်လည်တွေ့မြင်လာခဲ့ရတယ်။ 

စီးရီးအေအတွက် ပိုပြီးရင်ခုန်စရာကောင်းတာက လက်ရှိ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း အီတလီကလပ်အသင်းတွေရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေ၊ ပြောင်းလဲပြင်ဆင်မှုတွေအရ လာမယ့် ၂၀၂၄-၂၅ ရာသီမှာ စီးရီးအေ ကလပ်အသင်းတွေရဲ့ ချန်ပီယံဆုအတွက်အားပြိုင်မှုကို ထပ်မံမြင်တွေ့ခံစားရဖို့ရှိနေတာဖြစ်ပြီး ဥရောပဝင်ခွင့်နဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေကိုလည်း ပြိုင်ပွဲနောက်ဆုံးအချိန်အထိ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ အီတလီ စီးရီးအေပြိုင်ပွဲနဲ့ပတ်သက်ပြီး ပထမဆုံးရင်ခုန်ရမှာက စံချိန်တင်နည်းပြအပြောင်းအလဲတွေပါပဲ။ တစ်ချိန်ကစီးရီးအေဟာ ထိပ်တန်းလိဂ် (၅)ခုထဲမှာ နည်းပြထုတ်ပယ်မှု၊ အပြောင်းအလဲလုပ်မှု ရာခိုင်နှုန်းအနည်းဆုံးလိဂ်ဖြစ်ပြီး ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၉-၂၀ အထိ (၁၁)ရာသီကာလအတွင်း တစ်ရာသီပျမ်းမျှ နည်းပြ (၄)ဦးသာအပြောင်းအလဲလုပ်ခဲ့တာပါ။ လက်ရှိ ၂၀၂၄ နွေရာသီမှာတော့ ရာသီသစ်စီးရီးအေ ပြိုင်ပွဲဝင်အသင်း (၂၀)မှာ (၁၄)သင်းက နည်းပြအပြောင်းအလဲပြုလုပ်ထားပြီး ဒါဟာဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နွေစျေးကွက်တစ်ခုအတွင်း နည်ပြအပြောင်းအလဲပြုလုပ်မှုများဆုံးရာသီအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီနည်းပြ ပြောင်းလဲမှုတွေထဲမှာ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ နာပိုလီတို့လို ချန်ပီယံလောင်းထိပ်တန်းအသင်းကြီးပရိသတ်တွေများစွာပါဝင်နေသလို ကွန်တီ၊ ဖွန်ဆီကာတို့လို ၀ါရင့်နည်းပြကြီးတွေရဲ့ဦးဆောင်မှု၊ မော့တာ၊ ဖာဘရီဂတ်စ်၊ နက်စတာတို့လိုနာမည်ကျော်ကစားသမား လူငယ်နည်းပြတွေရဲ့ ကိုယ်ရည်သွေးအားပြိုင်မှုတွေကိုလည်းမြင်တွေ့ရမှာပါ။

၂၀၂၄-၂၅ ရာသီ အီတလီစီးရီးအေပြိုင်ပွဲရဲ့ ချန်ပီယံဆုအတွက်ရေပန်းအစားအဆုံးအသင်းအဖြစ် လက်ရှိချန်ပီယံ အင်တာမီလန်အသင်းကထိပ်ဆုံးမှာရပ်တည်နေပြီး၊ အဲဒီနောက်မှာတော့ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ နာပိုလီတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့နောက်ဆုံး (၄)ရာသီ (၂၀၂၀-၂၁ မှ ၂၀၂၃-၂၄ ရာသီအထိ)အတွင်း စီးရီးအေချန်ပီယံဆုကို (၂) ကြိမ်အထိရယူနိုင်ခဲ့သလို၊ ကိုပါအီတာလီယာဖလား (၂)ကြိမ်၊ အီတလီစူပါဖလား (၃)ကြိမ်အပါအဝင် ပြည်တွင်းဆုဖလား (၇)လုံးအထိရယူနိုင်ခဲ့တာပါ။ ဒါ့ပြင် ၂၀၂၂-၂၃ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အထိရောက်ရှိခဲ့ပြီး အသင်းရဲ့အရှိန်အဝါကိုဥရောပအထိဖြန့်ကျတ်နိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ လက်ရှိ ၂၀၂၄ နွေစျေးကွက်အတွင်းမှာလည်း ဇီလင်စကီး၊ တာရီမီတို့လိုကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားသလို ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူပြီး ခြေစွမ်းပြခဲ့တဲ့ အော်ဂတ်စတို၊ ဖရာတက်ဆီနဲ့ အာနော်တိုဗစ်တို့ (၃)ဦးကိုလည်း အပြီးသတ်ခေါ်ယူထားလို့ အသင်းရဲ့ ကစားသမားစုဖွဲ့မှုက စီးရီးအေရဲ့အတောင့်တင်းဆုံးလို့ဆိုရမယ့်အထိပါပဲ။ ဒါ့ပြင် အဓိကအသင်း ခေါင်းဆောင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်နဲ့ ကွင်းလယ်လူ ဘာရယ်လာတို့ကို စာချုပ်သစ်ချုပ် ဆိုနိုင်ခဲ့တာကလည်း အင်တာမီလန်အသင်းအတွက် ယုံကြည်မှုပိုစေပါလိမ့်မယ်။ ဒီလိုစွမ်းဆောင်ရည်မှတ်တမ်းတွေ၊ စနစ်တကျရှိသောပြုပြင်ပြောင်းလဲမှုတွေနဲ့ အဆင့်အတန်းမီသော ကစားသမားစုဖွဲ့မှုတွေကြောင့်လည်း အင်တာမီလန်အသင်းဟာ စကူဒက်တိုချန်ပီယံဆုအတွက် ပြိုင်ဘက်ကင်းရေပန်းစားနေတာဖြစ်ပြီး ချန်ပီယံလိဂ်မှာဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကသာ အသင်းနဲ့ နည်းပြ အင်ဇာဂီတို့အတွက် ဂုဏ်ထူးမှတ်ဖြစ်စေပါလိမ့်မယ်။

စီးရီးအေပြိုင်ပွဲသမိုင်းရဲ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ တစ်ကျော့ပြန် စကူဒက်တိုချန်ပီယံဆုမျှော်လင့်ချက်ကလည်း လာမယ့် ၂၀၂၄-၂၅ ရာသီသစ်ရဲ့ စောင့်ကြည့်ရင်ခုန်စရာအကြောင်းအရာတစ်ခုဖြစ်စေပါလိမ့်မယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၁-၁၂ ရာသီကနေ ၂၀၁၉-၂၀ ရာသီအထိ စကူဒက်တိုချန်ပီယံဆုကို စံချိန်တင် (၉)ကြိမ်ဆက်ဗိုလ်စွဲနိုင်ခဲ့ပြီး အခမ်းနားဆုံးမှတ်တမ်းကို ပိုင်ဆိုင်ခွင်ရခဲ့ပေမယ့် နောက်ဆုံး (၄)ရာသီဆက်တိုက်ဆုဖလားနဲ့လွဲချော်ခဲ့ရတာပါ။ ဒီအတွက်လည်း ဂျူဗင်တပ်စ်အသင်းအနေနဲ့လက်ရှိအချိန်မှာ အသင်းကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်ပြီး စကူဒက်တိုချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ အဓိကပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ရာသီသစ်အတွက် အကြီးမားဆုံးအပြောင်းအလဲလို့ဆိုရမှာက ပြီးခဲ့တဲ့ရာသီမှာ ဘိုလော့ဂ်နာအသင်းကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးခဲ့တဲ့ သီယာဂိုမော့တာကို နည်းပြအဖြစ်ခန့် အပ်ခဲ့တာပါ။ အသက် (၄၁)နှစ်အရွယ်သာရှိသေးတဲ့ အီတလီလက်ရွေးစင်ကွင်းလယ်လူဟောင်းမော့တာအတွက် နည်းပြဘဝ ဆုဖလားတွေရဖို့အကောင်းဆုံးအခွင့်အရေးဖြစ်လာခဲ့သလို၊ ဂျူဗင်တပ်စ်အသင်းအတွက်လည်း နုပျိုတဲ့ဦးဆောင်မှုအောက်မှာ အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေ ဖြစ်စေပါလိမ့်မယ်။ ဂျူဗင်တပ်စ်နဲ့ မော့တာအတွက်  စိန်ခေါ်မှုဖြစ်လာမှာက ဒူးဂလပ်စ်လူးဝစ်ဇ်၊ ခီဖရန်သူရမ်၊ ဟွမ်ကာဘယ်လ်နဲ့ ဒီဂရီဂိုရီယိုတို့ (၄)ဦးကို သာခေါ်ယူထားနိုင်သေးတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုပါပဲ။ သာမန်အရကြည့်ရင် ပြည့်စုံတယ်လို့ထင်ရပေမယ့် ခီယေဆာအပါအဝင် နောက်ထပ်ကစားသမား (၉)ဦးအထိ ထွက်ခွာဖို့ရှိနေလို့ တစ်ကျော့ပြန် စကူဒက်တိုချန်ပီယံဆုမျှော်လင့်ချက်အတွက် အရည်အသွေးပြည့်တဲ့ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့လိုနေသေးတာအမှန်ပါပဲ။ 

ပြီးခဲ့တဲ့နောက်ဆုံး (၃)ရာသီမှာ စကူဒက်တိုချန်ပီယံဆုကို တစ်ကြိမ်စီရယူနိုင်ခဲ့တဲ့ အေစီမီလန် (၂၀၂၁-၂၂)နဲ့ နာပိုလီ (၂၀၂၂-၂၃)တို့အတွက်လည်း လာမယ့်ရာသီသစ်ဟာ စိန်ခေါ်မှုတွေ၊ ဖိအားတွေနဲ့စောင့်ကြိုနေပါတယ်။ အေစီမီလန်အသင်းဟာ ပီအိုလီအလွန်အသင်းရဲ့နည်းပြသစ်ရာထူးအတွက် ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာကိုခန့်အပ်ခဲ့ပြီး များစွာသောကစားသမားအပြောင်းအလဲတွေနဲ့အတူ အသွင်သစ်အသင်းတစ်သင်းကိုမြင်တွေ့ရဖို့ရှိနေပါတယ်။ အထူးသဖြင့် ပီအိုလီလက်ထက်မှာ အသင်းအတွက် အကျိုးမပြုနိုင်ခဲ့တဲ့ကစားသမားအများအပြားကိုရှင်းထုတ်နိုင်ခဲ့တာ၊ ဂျရူး၊ ခီယာတို့လိုသက်ကြီးကစားသမားတွေကိုထွက်ခွာခွင့်ပြုခဲ့တာတွေက အေစီမီလန်အတွက် အချိုးအကွေ့တစ်ခု၊ အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပြီး အဲလက်စ်ဟီမင်နက်ဇ်၊ မိုရာတာ၊ ပတ်ဗ်လိုဗစ်၊ အီမာဆန်တို့လိုကစားသမားတွေကိုခေါ်ယူနိုင်ခဲ့တာက  အတိုင်းအတာတစ်ခုအထိ ကျေနပ်စရာဖြစ်စေပါလိမ့်မယ်။ 

၂၀၂၂-၂၃ ရာသီမှာ အံ့အားသင့်ဖွယ်စကူဒက်တိုချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့  အဆင့် (၁၀)နဲ့ ရာသီသိမ်းပြီး ဥရောပဝင်ခွင့်လွဲချော်တဲ့အထိ အတက်အကျကြမ်းခဲ့တဲ့ နာပိုလီကတော့ ရာသီသစ်မှာ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ ပြန်လာမယ်လို့ ကြုံးဝါးထားပါတယ်။ အထူးသဖြင့် ကွန်တီကိုနည်းပြအဖြစ်ခန့် အပ်နိုင်ခဲ့တာက နာပိုလီရဲ့မျှော်လင့်ချက်တွေအတွက် အကောင်းဆုံးသောအပြောင်းအလဲဖြစ်လာနိုင်ပြီးကွန်တီရဲ့ အစဉ်အလာ၊ အောင်မြင်မှုနဲ့အရည်အသွေးတွေက စီးရီးအေပြိုင်ပွဲအပေါ်ပါ ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိ နွေစျေးကွက်မှာ စပင်နာဇိုလာ၊ ရာဖာမာရင်၊ ဘွန်ဂျီအော်နိုတို့ (၃)ဦးကိုသာခေါ်ယူနိုင်သေးပြီး နောက်ထပ်ကစားသမားသစ်တွေခေါ်ယူနို်င်ဖို့ အခက်အခဲ ရှိနေတဲ့အခြေအနေက နည်းပြကွန်တီအတွက်စိတ်ပျက်စရာဖြစ်စေပါလိမ့်မယ်။ ကွန်တီကတော့ ဆက်လက်စောင့်ကြည့်ဦးမယ်လို့ ဖွင့်ဟထားပေမယ့် နာပိုလီအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ဥရောပဝင်ခွင့်လွဲချော်ထားမှုက ကစားသမားသစ်ခေါ်ယူမှုတွေကိုခက်ခဲစေမှာပါ။

လက်ရှိအခြေအနေအရပ်ရပ်ကို ချိန်ထိုးသုံးသပ်ကြည့်မယ်ဆိုရင် စီးရီးအေချန်ပီယံဆုအတွက် အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့အားပြိုင်မှုကိုအဓိကမြင်တွေ့ခံစားရဖို့ရှိနေပြီး အေစီမီလန်၊ နာပိုလီ အသင်းတွေကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ထားဖို့လိုအပ်ပါလိမ့်မယ်။ လက်ကျန်အသင်းတွေထဲမှာတော့ ဘိုလော့ဂ်နာ၊ အတ္တလန်တာ၊ ရိုးမားနဲ့ လာဇီယိုတို့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပဲအမြင့်ဆုံး မျှော်လင့်နိုင်ပြီး၊ ဖာဘရီဂတ်စ်ဦးဆောင်လာမယ့် တန်းတက် ကိုမိုရဲ့ စီးရီးအေသို့ခရီးကြမ်းဖြတ်သန်းမှုကလည်း လာမယ့်ရာသီသစ်အတွက် စောင့်ကြည့်ရမယ့် အကြောင်းအရာတစ်ခုဖြစ်စေပါလိမ့်မယ်။

Most Read

Most Recent