အပြောင်းအလဲများစွာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မျက်နှာသစ် (၂)သင်း

အပြောင်းအလဲများစွာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မျက်နှာသစ် (၂)သင်း
Photos: X
Photos: X
Published 7 August 2024
Lin Oo Eain

ဆိုချင်တာက စပိန်လာလီဂါကလပ် ဂျီရိုနာနဲ့ အီတလီစီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းတို့အကြောင်း။ ပြီးခဲ့တဲ့ရာသီက အဲဒီ (၂)သင်းစလုံး ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွေမှာ ပုံစံကောင်းပြခဲ့ကြတယ်။ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ကြပြီး (၂)သင်းစလုံး အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့တယ်။ အသင်းပရိသတ်တွေကို ပျော်ရွှင်မှုတွေပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီ(၂)သင်းရဲ့ အခုရာသီပြုပြင်ပြောင်းလဲမှုကိုကြည့်ရင်တော့ အားရစရာမရှိခဲ့ဘူး။ အသင်းရဲ့ အမာခံကစားသမားတွေကိုတောင် ရောင်းထုတ်ခဲ့ရပြီး သူတို့ အနေနဲ့ စိတ်ပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်။ မော်ဒန်ဘောလုံးလောကရဲ့ ၀ိသေသအတိုင်း သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်လို့ပဲ ပြောရမှာပါ။ ဒါကြောင့် ဒီ(၂)သင်းရဲ့လက်ရှိအခြေအနေ၊ ကစားသမားအပြောင်းအလဲတွေနဲ့ ရာသီသစ်အတွက် အလားအလာတွေကို သုံးသပ်ချင်ပါတယ်။

 

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အသွင်သစ်နဲ့ မြင်ရလိမ့်မယ်။ ပြိုင်ပွဲဝင်အသင်း အရေအတွက်ကို (၃၂)သင်းကနေ (၃၆)သင်းအထိ တိုးမြင့်ခဲ့တယ်။ ပုံစံသစ်ပြောင်းသွားသလို ပြီးခဲ့တဲ့ ရာသီကထက် များပြားတဲ့ပွဲစဉ်တွေကို မြင်တွေ့ရမှာလည်း ဖြစ်တယ်။ ဥရောပထိပ်သီးလိဂ် (၅)လိဂ်က အသင်းတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် (၂) နေရာပိုရခဲ့တယ်။ ချက်ချင်းဆိုသလို အဲဒီအကျိုးဆက်ကို စီးရီးအေကလပ်နဲ့ ဘွန်ဒစ်လီဂါကလပ် တွေခံစားခဲ့ရတယ်။ ဒါကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တချို့အသင်းတွေအနေနဲ့ ပိုမိုမျှော်လင့်ခွင့်ရှိလာခဲ့တယ်။ ဆိုချင်တာက စပိန်လာလီဂါကလပ် ဂျီရိုနာနဲ့ အီတလီစီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းတို့အကြောင်း။ ပြီးခဲ့တဲ့ရာသီက အဲဒီ (၂)သင်းစလုံး ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွေမှာ ပုံစံကောင်းပြခဲ့ကြတယ်။ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ကြပြီး (၂)သင်းစလုံး အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့တယ်။ အသင်းပရိသတ်တွေကို ပျော်ရွှင်မှုတွေပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီ(၂)သင်းရဲ့ အခုရာသီပြုပြင်ပြောင်းလဲမှုကိုကြည့်ရင်တော့ အားရစရာမရှိခဲ့ဘူး။ အသင်းရဲ့ အမာခံကစားသမားတွေကိုတောင် ရောင်းထုတ်ခဲ့ရပြီး သူတို့ အနေနဲ့ စိတ်ပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်။ မော်ဒန်ဘောလုံးလောကရဲ့ ၀ိသေသအတိုင်း သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်လို့ပဲ ပြောရမှာပါ။ ဒါကြောင့် ဒီ(၂)သင်းရဲ့လက်ရှိအခြေအနေ၊ ကစားသမားအပြောင်းအလဲတွေနဲ့ ရာသီသစ်အတွက် အလားအလာတွေကို သုံးသပ်ချင်ပါတယ်။

ဂျီရိုနာက ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ အဆင့် (၃)နေရာရခဲ့တယ်။ ရမှတ် (၈၁)မှတ်အထိရခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ခဲ့တယ်။ အသင်းသမိုင်းကို ကြည့်ရင်လည်း သူတို့အနေနဲ့ လာလီဂါစံချိန်တင် ရမှတ်ယူနိုင်ခဲ့တယ်။ ဒါကြောင့် စပိန်နိုင်ငံသား နည်းပြ မီချယ်လ်ဆန်းချက်ဇ်ကို ဥရောပမီဒီယာတွေ ချီးကျူးခဲ့ကြတယ်။ ဂျီရိုနာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဖြစ်လာတဲ့ မီချယ်လ်ဆန်းချက်ဇ်ရဲ့ ရာသီကြိုပြုပြင်ပြောင်းလဲမှုတွေကိုလည်း စောင့်ကြည့်လာကြတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဂျီရိုနာရဲ့ စျေးကွက်အတွင်းလှုပ်ရှားမှုတွေက စိတ်ဝင်စားစရာ သိပ်မရှိခဲ့ပါဘူး။ ပြင်သစ်လီဂူးကလပ် ထရွိုင်စ်က အငှားခေါ်ခဲ့တဲ့ ဆယ်လ်ဗင်ညိုကို အပြီးသတ်ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူး။ ကစားသမားကိုယ်တိုင်က ဂျီရိုနာမှာ ဆက်နေဖို့ ဆန္ဒမရှိဘဲ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့သွားခဲ့တယ်။ နောက်တစ်ယောက်က လာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဒေါ့ဗ်ဘိခ်။ ဂျီရိုနာအသင်းအနေနဲ့ ဒေါ့ဗ်ဘိခ်ကို ဘယ်လိုမှ ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ဘဲ နောက်ဆုံးမှာ စီးရီးအေကလပ် ရိုးမားအသင်းထံ ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ရောင်းထုတ်ခဲ့ရတယ်။ သူတို့ (၂)ယောက်စလုံးက ပြီးခဲ့တဲ့ရာသီအတွင်း ဂျီရိုနာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရာမှာ အခရာကျခဲ့တဲ့ ကစားသမားတွေပါ။ 

ဂျီရိုနာအသင်းရှိ ကစားသမားတွေထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ဆယ်လ်ဗင်ညိုနဲ့ ဒေါ့ဗ်ဘိခ် (၂)ဦးပေါင်း ပြီးခဲ့တဲ့ရာသီလာလီဂါ ဂိုးပါဝင်ပတ်သက်မှုက (၅၁)ဂိုး၊ (၃၃ ဂိုးသွင်း၊ ၁၈ ဂိုးဖန်တီး)အထိရှိခဲ့ပြီး ဒီနှုန်းထားက လာလီဂါမှာ ဂျီရိုနာအသင်းရခဲ့တဲ့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အချိုးချကြည့်မယ်ဆိုရင် (၅၀)ရာခိုင်နှုန်းနီးပါးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်ရာသီသစ်မှာ ဂျီရိုနာအသင်းအနေနဲ့ တိုက်စစ်ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြတယ်။ ကစားသမား အဝင်စာရင်းကို ပြန်ကြည့်ရင်တော့ လက်ရှိအချိန်မှာ ဂျီရိုနာအသင်းအနေနဲ့ (၆)ဦးအထိ ပြန်လည် ခေါ်ယူထားတယ်။ အဲဒီကစား သမား (၆)ဦးအတွက် ဂျီရိုနာအသင်း အသုံးပြုခဲ့ရတဲ့ အပြောင်းအရွှေ့စရိတ်က ယူရိုသန်း(၂၀)ကျော်သာ ရှိခဲ့တာပါ။ သူတို့ခေါ်ယူခဲ့တဲ့ ကစားသမားအများစုက လူငယ်နဲ့ ဒုတိယတန်းကစားသမားတွေဖြစ်ပြီး အဲဒီကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်က ဗန်ဒယ်ဘိခ်၊ စပါးက ဘရိုင်ယန်ဟီလ်(အငှား)တို့ပါဝင်ခဲ့တယ်။ ဒါပေမဲ့ ထွက်သွားတဲ့ကြယ်ပွင့်တွေရဲ့နေရာမှာ အံဝင်ခွင်ကျအသုံးပြုနိုင်မလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဂျီရိုနာအသင်းအနေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ထီထိုးသလို ပြုလုပ်နေကြတယ်လို့လည်း စပိန်မီဒီယာတွေက ဝေဖန်ခဲ့ကြတယ်။ ကျွမ်းကျင်သူတွေကတော့ ရာသီသစ်မှာ ဂျီရိုနာအသင်းအနေနဲ့ ဥရောပဝင်ခွင့်ရယူနိုင်ဖို့ လွယ်ကူတော့မှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ကြတယ်။

ပြီးခဲ့တဲ့ရာသီ စီးရီးအေက ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာအထိ ရခဲ့တယ်။ ဘိုလော့ဂ်နာက အဓိက ပြိုင်ဘက် ရိုးမားကို နောက်ကောက်ချနိုင်ခဲ့ပြီး အဆင့် (၅)နေရာ ရယူနိုင်ခဲ့တယ်။ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ဘိုလော့ဂ်နာအသင်း ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ဘိုလော့ဂ်နာရဲ့ အဓိက ပဲ့ကိုင်ရှင် မော့တာက တူရင်ထိပ်သီးကလပ်ကို ပြောင်းသွားပြီ။ ဒါကြောင့်လည်း ရာသီသစ်မှာ ဘိုလော့ဂ်နာရဲ့ အခြေအနေက ဖရိုဖရဲဖြစ်သွားနိုင်တယ်လို့ အီတလီမီဒီယာတွေက သုံးသပ်ခဲ့ကြတယ်။ ဘိုလော့ဂ်နာက မော့တာနေရာမှာ နောက်ထပ်အီတာလျံ လူငယ်နည်းပြတစ်ဦးဖြစ်တဲ့ အီတာလီယာနိုနဲ့ အစားထိုးခဲ့တယ်။ ဖီအိုရင်တီးနားနည်းပြဟောင်းဖြစ်ပြီး အီတာလီယာနိုက (၃)နှစ်တာကာလအတွင်း ဖီအိုရင်တီးနားအသင်းကို ကိုပါအီတာလီယာဗိုလ်လုပွဲနဲ့ UEFA ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကို ပို့ဆောင်နိုင်ခဲ့တယ်။ ဒါ့အပြင် အီတလီအောက်တန်းလိဂ်တွေမှာ အောင်မြင်မှုတချို့ကို အီတာလီယာနို ရယူနိုင်ခဲ့ပါတယ်။ အီတလီရဲ့ အရည်အသွေးရှိ လူငယ်နည်းပြအဖြစ်လည်း အီတာလီယာနိုကို ညွှန်းဆိုတာတွေ ရှိခဲ့ကြတယ်။ 

ခက်တာက ဘိုလော့ဂ်နာရဲ့ ကစားသမားအစုအဖွဲ့ပိုင်းပဲ။ အသင်းရှိ အဓိက ကြယ်ပွင့်ကစားသမားတွေကို လက်လွှတ်လိုက်ရတယ်။ ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကို ကာလာဖီအိုရီနဲ့ ဇက်ဇီတို့လို လူငယ်ကြယ်ပွင့်တွေ ရောင်းထုတ်ခဲ့တယ်။ သူတို့ရဲ့ ၀ါရင့်တိုက်စစ်မှူး အာနော်တိုဗစ်ကလည်း အင်တာမီလန်ကို အပြီးသတ်ပြောင်းသွားပြီ။ အငှားနဲ့ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယံတောင်ပံတိုက်စစ်ကစားသမား ဆာလေမာကာစ်ကလည်း အေစီမီလန်ကို ပြန်သွားပြီ။ ကစားသမားရောင်းချမှုကနေ ယူရိုသန်း(၁၀၀)ဝန်းကျင်အထိ ဘိုလော့ဂ်နာအသင်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကစားသမားအဝင်စာရင်းကို ကြည့်ရင်တော့ အားရစရာ သိပ်မရှိပါဘူး။ ကစားသမား (၆)ဦးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ကျော်လောက်သာ ပြန်အသုံးပြုခဲ့တယ်။ ဒါကြောင့် ရာသီသစ်မှာ အပြောင်းအလဲများစွာနဲ့ ဘိုလော့ဂ်နာအသင်းကို မြင်တွေ့ရဖို့ရှိနေပြီး နည်းပြသစ် အီတာလီယာနိုကတော့ အောင်မြင်မှုတွေရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဇက်ဇီမရှိတော့တဲ့တိုက်စစ်၊ ကာလာဖီအိုရီမရှိတော့ ခံစစ်အတွက် အီတာလီယာနိုအနေနဲ့ အဓိက ပြုပြင်ပြောင်းလဲရဖို့ရှိနေပြီး လက်တွေ့မှာရော အမှန်တကယ်အဖြေရှာနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဘွက်ကီဒိုင်တွေရဲ့ ၂၀၂၄-၂၅ စီးရီးအေပြိုင်ပွဲ ဥရောပဝင်ခွင့်အတွက် အလေးပေးချက်ကိုကြည့်ရင်တော့ ဘိုလော့ဂ်နာအသင်းက အဆင့် (၉)နေရာမှာ ရပ်တည်နေပါတယ်။

Most Read

Most Recent