အိုလံပစ် အမျိုးသားတုတ်ထောက်ခုန်ပွဲစဉ်တွင် ဆွီဒင်ကစားသမား ဒူပလန်တစ် ၆ ဒသမ ၂၅ မီတာခုန်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုနှင့်အတူ ကမ္ဘာ့စံချိန်သစ်တင်

အိုလံပစ် အမျိုးသားတုတ်ထောက်ခုန်ပွဲစဉ်တွင် ဆွီဒင်ကစားသမား ဒူပလန်တစ် ၆ ဒသမ ၂၅ မီတာခုန်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုနှင့်အတူ ကမ္ဘာ့စံချိန်သစ်တင်
Photo: AFP
Photo: AFP
Published 7 August 2024

 

၂၀၂၄ ပါရီနွေရာသီ ပြေးခုန်ပစ်အားကစားနည်း အမျိုးသားတုတ်ထောက်ခုန်ပွဲစဉ်တွင် ဆွီဒင်ကစားသမား ဒူပလန်တစ်က ၆ ဒသမ ၂၅ မီတာခုန်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုနှင့်အတူ ကမ္ဘာ့စံချိန်သစ်ပါ တင်ရှိနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒူပလန်တစ်သည် အိုလံပစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် တုတ်ထောက်ခုန်ပွဲစဉ်တွင် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒူပလန်တစ်အနေဖြင့် ပထမဆုံးအကြိမ် ခြောက်မီတာကို လွတ်လွတ်ကျွတ်ကျွတ် ခုန်ပြီးကတည်းက ရွှေတံဆိပ်ဆု သေချာနေခဲ့သည်။ ဒုတိယအကြိမ်တွင် ၆ ဒသမ ၁၀ မီတာခုန်ပြီး ၂၀၁၆ ရီယိုအိုလံပစ်တွင် ဘရာဇီးလ်ကစားသမား သီယာဂိုဘရက်ဇ် တင်ရှိထားသော အိုလံပစ်စံချိန် ၆ ဒသမ ၀၃ မီတာကို ကျော်ဖြတ်နိုင်ခဲ့သည်။ တတိယနှင့် နောက်ဆုံးအကြိမ် ခုန်ရာတွင်မူ ပြီးခဲ့သည့်ဧပြီလအတွင်းက ၎င်းကိုယ်တိုင် တင်ရှိထားသော ၆ ဒသမ ၂၄ မီတာကို တစ်စင်တီမီတာအသာဖြင့် ကျော်ဖြတ်ကာ ကမ္ဘာ့စံချိန်သစ်ပါ ထပ်မံတင်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘာ့ချန်ပီယံလည်း နှစ်ကြိမ်ဖြစ်ဖူးသူ ဒူပလန်တစ်အနေဖြင့် ကစားသမားသက်တမ်းတစ်လျှောက် ကမ္ဘာ့စံချိန်ကို ကိုးကြိမ်မြောက် တင်ရှိနိုင်ခဲ့ကြောင်း သိရသည်။ ထို့ ပြင် ၁၉၅၂ နှင့် ၁၉၅၆ အိုလံပစ်ပြိုင်ပွဲများတွင် အမေရိကန်ကစားသမား ဘော့ဘ်ရစ်ချတ်စ် နှစ်ကြိမ်ဆက် အနိုင်ရပြီးနောက် ယင်းသို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။ 

"ဒီအခိုက်အတန့်နဲ့ ပတ်သက်ပြီး ဘယ်လိုကြီးကျယ်သလဲဆိုတဲ့ လုပ်ငန်းစဉ်မျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဒါဟာ ခင်ဗျားအနေနဲ့ အစစ်အမှန်လို့ လက်တွေ့မခံစားနိုင်တဲ့ အကြောင်းအရာတွေထဲက တစ်ခုပါပဲ။ ကစားဘဝကတည်းက အကြီးမားဆုံးအိပ်မက်က အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန် ချိုးနိုင်ဖို့ပါပဲ"ဟု ဒူပလန်တစ်က အိုလံပစ်ရွှေတံဆိပ် ရယူအပြီး ပြောကြားခဲ့သည်။  

တုတ်ထောက်ခုန်သမိုင်းတွင် ကမ္ဘာ့စံချိန်အကြိမ်အများဆုံး တင်ရှိနိုင်သူအဖြစ် ယူကရိန်းတုတ်ထောက်ခုန်သမား ဆာဂျီဘူကာက ၁၉၈၄ ခုနှစ်မှ ၁၉၉၄ ခုနှစ်ကာလအတွင်း ၁၇ ကြိမ်ဖြင့် မှတ်တမ်းတင်ထားကြောင်း သိရသည်။ ယခု ပါရီအိုလံပစ် တုတ်ထောက်ခုန်ပွဲစဉ်တွင် ငွေတံဆိပ်ဆုကို အမေရိကန်ကစားသမား ဆန်ကန်ဒရစ်က ၅ ဒသမ ၉၅ မီတာ၊ ကြေးတံဆိပ်ဆုကို ဂရိကစားသမား ကာရာလစ်က ၅ ဒသမ ၉ မီတာဖြင့် အသီးသီး ရယူနိုင်ခဲ့ကြသည်။

Most Read

Most Recent