မန်ယူအသင်း၏ ထိပ်ပိုင်းတာဝန်ရှိသူများ အပြောင်းအလဲသည် အသင်းကို ပိုမိုကောင်းမွန်သောနေရာသို့ ပို့ဆောင်ပေးလိမ့်မည်ဟု တန်ဟက်ဂ် ယုံကြည်

မန်ယူအသင်း၏ ထိပ်ပိုင်းတာဝန်ရှိသူများ အပြောင်းအလဲသည် အသင်းကို ပိုမိုကောင်းမွန်သောနေရာသို့ ပို့ဆောင်ပေးလိမ့်မည်ဟု တန်ဟက်ဂ် ယုံကြည်
Photo: X
Photo: X
Published 11 July 2024

မန်ယူအသင်း၏ ထိပ်ပိုင်းတာဝန်ရှိသူ အပြောင်းအလဲများသည် အသင်းကို များစွာကူညီပေးမည်ဖြစ်သည်ဟု နည်းပြတန်ဟက်ဂ်က ယုံကြည်လျက်ရှိသည်။

မန်ယူအသင်းသည် မန်စီးတီးအသင်းနှင့် ကစားသည့် FA ဖလားဗိုလ်လုပွဲမတိုင်မီ ဂျေဆင်ဝဲလ်ကော့က နည်းစနစ်ဒါရိုက်တာအဖြစ် ရောက်ရှိလာပြီးနောက်ပိုင်းတွင် ဒန်အက်ရှ်ဝေါ့သ်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ကာ လာမည့် ဇူလိုင်(၁၃)ရက်တွင် အိုမာဘယ်ရာဒါကို အသင်းအမှုဆောင်ချုပ်အဖြစ် ခန့်အပ်ဖွယ်ရှိနေသည်။

ဇူလိုင်(၉)ရက်က MUTV နှင့် အင်တာဗျူးတွင် နည်းပြဖြစ်သူ တန်ဟက်ဂ်က အသင်းထိပ်ပိုင်းတာဝန်ရှိသူများ အပြောင်းအလဲကို ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

''ပိုင်ဆိုင်မှုအသစ် ရောက်လာတာက ကျွန်တော်တို့ကို အကူအညီပေးနိုင်ပါတယ်။ ဘောလုံးကိစ္စ၊ ပထမအသင်းနဲ့ပတ်သက်ပြီး အရမ်းကျေနပ်ပါတယ်။ ကျွန်တော်တို့မှာ ခိုင်မာတဲ့တည်ဆောက်ပုံရှိပြီး နည်းလမ်းများစွာနဲ့ ကူညီပါလိမ့်မယ်။ ကင်းထောက်၊ ကစားသမားစုဆောင်းရေး၊ ဆေးအဖွဲ့နဲ့ စွမ်းဆောင်ရည်ပိုင်းတွေပေါ့။ သူတို့ဟာ များစွာအထောက်အပံ့ပေးနိုင်ပြီး အဆင့်မြှင့်တင်နိုင်ပါလိမ့်မယ်''ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ပြီးခဲ့သည့်ရာသီက ရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်ခဲ့သော်လည်း FA ဖလားဗိုလ်လုပွဲတွင် မန်စီးတီးအသင်းကို အနိုင်ယူဗိုလ်စွဲခဲ့ခြင်းကြောင့် ယင်းရာထူးတွင် ဆက်လက်တည်မြဲခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် တန်ဟက်ဂ်အား ဆက်လက်ခန့်ထားရန်အတွက် ပြီးခဲ့သည့်ရာသီအတွင်း အခြေအနေများကို နှစ်ပတ်ကြာ သုံးသပ်ခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ကြသည်။

မန်ယူအသင်း၏အနာဂတ်အတွက် စိတ်လှုပ်ရှားနေမိကြောင်းလည်း တန်ဟက်ဂ်က ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ၂၀၂၅ ဇွန်လကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် တန်ဟက်ဂ်အား တစ်နှစ်သက်တမ်းတိုးကာ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးကြောင်း ဇူလိုင်(၄)ရက်က အတည်ပြုကြေညာခဲ့သည်။

''ကျွန်တော် ဒီကိုလာတာ ဆုဖလားတွေ ဆွတ်ခူးဖို့ပါ။ (၆)နှစ်ကြာ ဆုဖလားနဲ့ဝေးကွာပြီးနောက်မှာ ကျွန်တော်တို့ ဖလားနှစ်လုံး ရရှိထားပြီးပါပြီ။  ဒါကြောင့် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဦးတည်ချက်တွေ ရှိနေပါတယ်။ ကျွန်တော်တို့ အစီအစဉ်တစ်ခု ရေးဆွဲထားခဲ့ပါတယ်။ နွေရာသီတစ်ခုလုံး ဒါကို တည်ဆောက်ထားပြီး ပြိုင်ပွဲဝင်ဖို့ အလွန်အားကောင်းတဲ့အနေအထားမှာ ရှိနေပါတယ်''ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် ဂန္ထဝင်နည်းပြ ဖာဂူဆန်နောက်ပိုင်း နှစ်ရာသီဆက်ဖလားရသည့် ပထမဆုံး မန်ယူနည်းပြ ဖြစ်လာခဲ့ပြီး ၂၀၂၂-၂၃ ရာသီတွင် လိဂ်ဖလားနှင့် ၂၀၂၃-၂၄ ရာသီတွင် FA ဖလားများ ရယူပေးခဲ့သည်။

Most Read

Most Recent