ရပ်ရှ်ဖို့ဒ်ကို အရန်ခုံထိုင်ခိုင်းခဲ့ခြင်းမှာ ပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်သည်ဟု ဂျေမီရက်နက်ပ် မှတ်ချက်ပေးခဲ့ပြီး အလှည့်ကျအသုံးပြုခြင်းဟု တန်ဟက်ဂ် တုံ့ပြန်

ရပ်ရှ်ဖို့ဒ်ကို အရန်ခုံထိုင်ခိုင်းခဲ့ခြင်းမှာ ပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်သည်ဟု ဂျေမီရက်နက်ပ် မှတ်ချက်ပေးခဲ့ပြီး အလှည့်ကျအသုံးပြုခြင်းဟု တန်ဟက်ဂ် တုံ့ပြန်
Photo : Getty Images
Photo : Getty Images
Published 23 September 2024

မန်ယူအသင်း၏နည်းပြ အဲရစ်တန်ဟက်ဂ်သည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဘဲ အရန်ခုံထိုင်ခိုင်းခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းသို့ ဝေဖန်ခဲ့ကြသူများထဲတွင် နာမည်ကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂျေမီရက်နက်ပ်က နှစ်ပွဲဆက်ဂိုးသွင်းထားသည့် ရပ်ရှ်ဖို့ဒ်ကို တန်ဟက်ဂ်အနေဖြင့် အရန်ခုံထိုင်ခိုင်းခဲ့ခြင်းမှာ ပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်သည်ဟု မှတ်ချက်ပေးခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သော်လည်း ပဲလေ့စ်နှင့်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သော နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ဆောက်သမ်တန်နှင့် ပရီး မီးယားလိဂ်ပွဲတွင် (၁)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘန်စလေနှင့် လိဂ်ဖလားပွဲစဉ်တွင် (၂)ဂိုးသွင်းယူနိုင်ခဲ့သည်။ ယင်းကဲ့သို့ ပုံစံ ကောင်းပြသနေသော်လည်း တန်ဟက်ဂ်က ပဲလေ့စ်နှင့်ပွဲတွင် ရပ်ရှ်ဖို့ဒ်ကို အရန်ခုံထိုင်ခိုင်းခဲ့ပြီး (၆၁)မိနစ်ရောက်မှ လူစားဝင်ကစားစေခဲ့သည်။

"ဒါဟာ တစ်ခုခုဖြစ်နေတဲ့ ပုံစံမျိုးပါပဲ။ အကြောင်းအရာအသေးစိတ်ကို ကျွန်တော် မသိပေမဲ့ ကြားရက်ပွဲစဉ်(ဘန်စလေနှင့်ပွဲ)မှာ နှစ်ဂိုးသွင်းထားပြီး ဆောက်သမ်တန်နဲ့ပွဲမှာလည်း တစ်ဂိုးသွင်းထားတဲ့ ကစားသမားကို ချန်လှပ်ထားလို့ မရပါဘူး။ ဒီရက်သတ္တပတ်အတွင်း တစ်စုံတစ်ရာဖြစ်ပျက်ခဲ့တယ်လို့ ခံစားရပါတယ်။ ကစားသမားတစ်ယောက်ရဲ့ လူနေမှုပုံစံအကြောင်းပြောပြီး ချန်လှပ်တာဟာ နည်းပြတစ်ယောက် လုပ်လေ့ရှိတဲ့အရာမဟုတ်ပါဘူး။ ဆာအဲလက်စ်ဖာဂူဆန်ဟာ အဲဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ အဲဒီလိုလုပ်တာဟာ ကစားသမားအတွက်လည်း ကောင်းကျိုးမဖြစ်ထွန်းစေနိုင်ပါဘူး" ဟု ဂျေမီရက်နက်ပ်က ပြောကြားခဲ့သည်။

မန်ယူနည်းပြ တန်ဟက်ဂ်ကမူ ဂျေမီရက်နက်ပ်၏ ထင်မြင်ချက်မှာ ရူးနှမ်းနှမ်းနိုင်ပြီး မိမိအနေဖြင့် အလှည့်ကျစနစ်ကို အသုံးပြုခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ "ဘောလုံးသုံးသပ်သူတချို့ဆီက ထင်မြင်ချက်တွေကို ကျွန်တော်ကြားပါတယ်။ အဲဒါဟာ ရူးနှမ်းနှမ်းနိုင်ပါတယ်။ ကျွန်တော်က အလှည့်ကျစနစ်ကို အသုံးပြုခဲ့တာပါ။ ကျွန်တော်တို့ ကစားရမယ့်ပွဲတွေ အများကြီးရှိပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေကို အခွင့်အရေးပေးရမှာပါ။ စွမ်းဆောင်ရည် ပိုကောင်းတဲ့ ကစားသမားက ပွဲကစားခွင့် ပိုရမှာပါ။ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်တဲ့ အရာအားလုံး သူ့ရဲ့ ခံစစ်ပိုင်းမှာ ပါဝင်မှု၊ တိုက်စစ်ပိုင်းမှာ ပါဝင်မှုတွေကို ကျွန်တော် အရမ်းပျော်ရွှင်ကျေနပ်ပါတယ်။ လက်ရှိအခိုက်အတန့်မှာ သူဂိုးတွေသွင်းနေပြီး စွမ်းဆောင် ရည်လည်း အရမ်းကောင်းနေပါတယ်။ ဒါကြောင့် သူ့ကို အရန် ခုံထိုင်ခိုင်းတာဟာ ဘာကြောင့်မှ မဟုတ်ပါဘူး။ အလှည့်ကျ အသုံးပြုရုံပါပဲ"ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ၂၀၂၂-၂၃ ရာသီတွင် ပြိုင်ပွဲစုံဂိုး(၃၀)သွင်းယူကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် နိုက်ကလပ်တွင် သွားရောက်ပျော်ပါးခဲ့သည့်အတွက် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။

Most Read

Most Recent