■ ဘရက်စ် - လေဗာကူဆင် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၁၁း ၁၅ နာရီ)
လေဗာကူဆင်က ပြည်တွင်းမှာရော ချန်ပီယံလိဂ်မှာပါ တော်တော်လေး အားကောင်းနေတဲ့အသင်းဖြစ်တယ်။ လက်ရှိ အနေအထားအရ ဘရက်စ်လိုအသင်းမျိုးကို လေဗာကူဆင်ရဲ့ အရည်အသွေး၊ အတွေ့အကြုံနဲ့ အဝေးကွင်းမှာလည်း နိုင်ဖို့ မခက်ပါဘူး။ လေဗာကူဆင်ပဲ နိုင်မယ်။
■ အက်သလက်တီကို - လိုင်လီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၄ ရက် နံနက် ၁း ၃၀ နာရီ)
အက်သလက်တီကိုမက်ဒရစ်က လိုင်လီထက် အစစအရာရာသာသလို အိမ်ကွင်းလည်း ကစားရမယ်။ လိုင်လီကတော့ နောက်ဆုံးပွဲမှာ ရီးယဲလ်မက်ဒရစ်ကို နိုင်ထားပြီး အခြားမက်ဒရစ် အသင်းနဲ့ ကစားရမှာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်က အဝေးကွင်းဖြစ်နေတာတွေ့ရတယ်။ အက်သလက်တီကိုပဲနိုင်မယ်။
■ ဘာစီလိုနာ - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၄ ရက် နံနက် ၁း ၃၀ နာရီ)
ဘာစီလိုနာက နောက်ပိုင်းနှစ်တွေမှာ ဘိုင်ယန်မြူးနစ်ကို ငယ်ကြောက်အသင်းတစ်သင်းလို ဖြစ်နေပြီ။ တစ်နှစ်ကျော်လောက်က နောက်ဆုံးတွေ့ခဲ့ပြီး ဘာစီလိုနာ အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးခဲ့တယ်။ နောက်ဆုံး ၅ ကြိမ်ဆက် အိမ်၊ အဝေးမရှောင် အပြတ်အသတ် ရှုံးခဲ့တယ်။ အခု ဒီပွဲမှာတော့ ဘာစီလိုနာက အရင်လိုမဟုတ်တော့တဲ့ အသင်းဖြစ်နေပြီ။ ဘာစီလိုနာရဲ့လူငယ်ကြယ်ပွင့်တွေနဲ့ အရည်အသွေးမြင့်ကစားသမားတွေပေါင်းစပ်မှုက အရှိန်ရနေပြီ။ ဟန်ဆီဖလစ်ခ်က အသင်းဟောင်းကို ပြန် ဒုက္ခပေးနိုင်တဲ့ အနေအထားဖြစ်နေပြီ။ ဘိုင်ယန်ကလည်း ဥရောပမှာအတွေ့အကြုံများပြီး မာကျောတဲ့ခြေစွမ်းကို ပြသနိုင်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကိုပဲ ကြိုက်တယ်။
- ဘာစီလိုနာအသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၇)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။
- ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာနှင့်တွေ့ဆုံသည့် ချန်ပီယံလိဂ်နောက်ဆုံး (၆)ပွဲဆက် အနိုင်ရရှိခဲ့ပြီး (၃)ဂိုးနှင့်အထက်သွင်းနိုင်သည့် ပွဲမှာ (၅)ပွဲအထိရှိခဲ့သလို၊ Clean Sheet ရယူနိုင်သည့်ပွဲအရေအတွက်မှာလည်း (၄)ပွဲရှိခဲ့သည်။
■ မန်စီးတီး - စပါတာပရပ်ဂ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၄ ရက် နံနက် ၁း ၃၀ နာရီ)
မန်စီးတီးအတွက်တော့ ချန်ပီယံလိဂ် အုပ်စုအဆင့်က ရယ်စရာလို့ပဲ ပြောရမယ်။ အသင်းတော်တော်များများက သူတို့အသင်းနဲ့ အဆင့်အတန်း၊ ပါ၀ါ ကွာခြားလွန်းတယ်။ စပါတာပရပ်ဂ် က ပြည်တွင်းမှာတောင် အခြေအနေက နည်းနည်းယိုင်နေပြီး ချန်ပီယံလိဂ်မှာတော့ နောက်ဆုံးပွဲမှာ စတုဂတ်ကို အဝေးကွင်း သရေပွဲကစားခဲ့တယ်။ အခုကစားရမှာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်မှာပါ။ ဂိုးပြတ်မယ့်ပွဲဆိုတာအပြင် အခြားတွေးစရာမရှိဘူး။
■ လိုက်ပ်ဇစ် - လီဗာပူးလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၄ ရက် နံနက် ၁း ၃၀ နာရီ)
စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲပါ။ အသင်းနှစ်သင်းရဲ့ အနေအထားကို အပေါ်စီးကကြည့်ရင် အိုင်ဒီယော်လော်ဂျီ ခပ်ဆင်ဆင်တူတဲ့ အသင်းတွေဖြစ်နေတာ တွေ့ရတယ်။ နှစ်သင်းစလုံးက High Energy အသင်းတွေဖြစ်ပြီး ပေါက်ကွဲအား ကောင်းကြတယ်။ Pressing ကို ကောင်းကောင်းလုပ်နိုင်ကြပြီး ပြိုင်ဘက်အသင်းတွေကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနိုင်ကြတယ်။ တိုက်စစ်လည်း ထက်မြက်ကြတယ်။ ဂိုးတွေ အပြန်အလှန်သွင်းနိုင်တယ်။ သရေကျနိုင်တယ်။
■ ယန်းဘွိုင်းစ် - အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၄ ရက် နံနက် ၁း ၃၀ နာရီ)
ဆီမြွန်နီအင်ဇာဂီရဲ့ အင်တာမီလန်က ဖြေးဖြေးနဲ့ မှန်မှန်ပါပဲ။ အင်တာမီလန်ရဲ့ တိုက်စစ်၊ ခံစစ်၊ ကွင်းလယ်နဲ့ ဂိုးသမားအထိ နေရာစုံက အားကောင်းတယ်။ ဒီရာသီမှာ မန်စီးတီးကို ကစားခဲ့တဲ့ပွဲက ခြေစွမ်းက အင်တာမီလန်ရဲ့ အကောင်းဆုံးပွဲဖြစ်ပြီး ဇဗက်ဒါကို အနိုင်ယူခဲ့ပုံကလည်း တော်တော်လေးသက်သောင့်သက်သာ ရှိတယ်။ ယန်းဘွိုင်းစ်က ချန်ပီယံလိဂ်မှာ ဂိုးပြတ်ရှုံးဖို့ လာကစားသလို ဖြစ်နေတယ်။ အင်တာမီလန်ကိုလည်း ယှဉ်နိုင်ဖို့ မရှိဘူး။ ရှုံးဦးမှာပဲ။
အခြားပွဲစဉ်များ
အတ္တလန်တာ* - ဆဲလ်တစ်
ဘင်ဖီကာ* - ဖီယင်နု
ဆာလ်ဇ်ဘာဂ်* - ဒိုင်နမိုဇာဂရက်