■ မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာရန် တူဟယ်လ် ရေပန်းအစားဆုံး ဖြစ်နေ     

■ မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာရန် တူဟယ်လ် ရေပန်းအစားဆုံး ဖြစ်နေ     
Published 10 May 2024

လာမည့်ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့်လမ်းခွဲမည့် ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်သည် မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

    

မန်ယူအသင်းသည် လက်ရှိအချိန်၌ နယ်သာလန်နည်းပြ တန်ဟက်ဂ်နှင့် လက်တွဲနေသော်လည်း ၎င်း၏ စွမ်းဆောင်ရည်အပေါ် အသင်းတာဝန်ရှိသူများက ကျေနပ်အားရခြင်းမရှိတော့သည့်အတွက် လာမည့်နွေရာသီတွင် အပြောင်းအလဲပြုလုပ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများထွက်ပေါ်နေသည်။ 

မန်ယူအသင်း၏ ဘောလုံးဆိုင်ရာကိစ္စရပ်များကို စီမံဆောင်ရွက်ခွင့်ရရှိထားသော ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်က မန်ယူအသင်းကို အကြီးစားပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် ရည်ရွယ်နေကြောင်း သိရသည်။ 

သို့ဖြစ်ရာ ကစားသမားများစွာကို ရောင်းထုတ်ရန် စီစဉ်နေသည့်အပြင် နည်းပြ တန်ဟက်ဂ်ကိုလည်း ရာထူးမှထုတ်ပယ်၍ နည်းပြသစ် ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း သိရသည်။ 

ယင်းအတွက် ရည်ရွယ်ထားသည့် နည်းပြများထဲတွင် လက်ရှိဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်၊ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်၊ ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ၊ ဘရိုက်တန်နည်းပြ ဒီဇယ်ဘီ၊ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနှင့် ရိုးမားနည်းပြဟောင်း မော်ရင်ဟိုတို့ ပါဝင်နေကြောင်း သိရသည်။

    

မန်ယူအသင်းသည် လက်ရှိနည်းပြ တန်ဟက်ဂ်၏ အနာဂတ်ကို ယတိပြတ်ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း ၎င်းကို ရာထူးမှထုတ်ပယ်ပြီး နည်းပြသစ် အစားထိုးခန့်အပ်ပါက ဖြစ်နိုင်ဖွယ်ရှိသူများကို လောင်းကစားကုမ္ပဏီများက အလေးပေးချက်များ ထုတ်ပြန်ခဲ့ရာ သောမတ်စ်တူဟယ်လ်က (၅း၂) လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေခြင်းဟု သိရသည်။ 

၎င်း၏နောက်တွင် ဆောက်ဂိတ်က (ရး၂)လေးဖြင့် ဒုတိယရေပန်း အစားဆုံးဖြစ်နေသည်။ ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီလက်ရွေးစင်နည်းပြဟောင်း ဟန်ဆီဖလစ်ခ်သည် ရေပန်းအစားဆုံးစာရင်းထဲတွင် ပါဝင်ခြင်းမရှိသော်လည်း မန်ယူအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ရန် စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရသည်။

Most Read

Most Recent