မတ် ၂၄ ရက်က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် ရန်နိုင်ထွန်း အနိုင်ရရှိ

မတ် ၂၄ ရက်က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် ရန်နိုင်ထွန်း အနိုင်ရရှိ
Photo: MWG
Photo: MWG
Published 25 March 2024

''မန္တလာမြေမှ ရိုးရာသူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲ''ဟု အမည်ပေးထားသည့် မြန်မာ့့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မတ်(၂၄) ရက်က မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျော်စွာဝင်းနှင့် ရန်နိုင်ထွန်းတို့မှာ ပြိုင်ဘက်ကစားသမားများကို အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲတွင် တွဲဆိုင်း (၈) ပွဲ ပါဝင်ခဲ့ပြီး  (၅၇ - ၆၀) ကီလိုတန်းတွင် စောငမောက်နှင့် အောင်နိုင်ထွန်းမှာ သရေ၊ (၆၀-၆၃.၅) ကီလိုတန်းတွင် အောင်ထက်ဦးနှင့် မိုးဟိန်းမှာ သရေ၊ (၅၁-၅၄) ကီလိုတန်းတွင် တိုင်းကျော်နှင့် အောင်ထွန်းဘိုမှာ သရေ၊  (၆၀ - ၆၃.၅) ကီလိုတန်းတွင် နက္ခတ်မင်းနှင့် ရဲလင်းဦးမှာ သရေ၊ (၆၀-၆၃.၅) ကီလိုတန်းတွင် အာရှနဂါးနှင့် စောဂျွန်မှာ သရေ၊ (၇၀-၇၅) ကီလိုတန်းတွင် အောင်ခိုင်နှင့် စောမင်းအောင်မှာ သရေ၊ (၆၃.၅ - ၆၇) ကီလိုတန်းတွင် ရန်နိုင်ထွန်းမှာ သက်ဝင်းအောင်ကို စတုတ္ထအချီတွင် အောက်ခြေခတ်ချက်ဖြင့် အလဲထိုးနိုင်ပွဲရရှိခဲ့သည်။

နောက်ဆုံးပွဲ အဓိကခေါင်ပွဲ (၇၀-၇၅) ကီလိုတန်းအဖြစ် ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဖားဆိုလတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

ဖားဆိုလသည် ကျော်စွာဝင်းထက် ခြေတံလက်တံ ပိုသာသောကြောင့် နင်းခြေနှင့် အမြင့်ကန်ချက်များကို အဓိကအားပြုထိုးသတ်ခဲ့သည်။

ပထမအချီတွင် ကော်စွာဝင်းမှာ ဘယ်ညာလက်သီးတွဲလုံးများကိုသာ အားပြုခဲ့ပြီး ဖိအားပေးထိုးသတ်ခဲ့သည်။

ဒုတိယအချီတွင် ကျော်စွာဝင်းမှာ အောက်ခြေခတ်ချက်များကိုပါ အသုံးပြုလာခဲ့သည်။

ကျော်စွာဝင်း၏ ဘယ်ထောက်လက်သီးထိုးချက်ကြောင့် ဖားဆိုလ အမှတ်စဉ်ရေတွက်ခံရပြီး အနားတောင်းခဲ့ရသည်။

ပြန်အလွှတ်တွင် ကျော်စွာဝင်းမှာ အပြီးဖြတ်နိုင်ရန်ကြိုးစားခဲ့သော်လည်း ပါးနပ်သည့် ဖားဆိုလမှာ အပူးအကပ်များဖြင့် ထိုးသတ်သွားခဲ့သည်။

တတိယအချီတွင် နှစ်ဦးစလုံး ဆိုင်ထိုးပြိုင်ထိုးလာခဲ့သောကြောင့် ပွဲမှာ မြိုင်ဆိုင်ခဲ့သည်။

ကျော်စွာဝင်း၏ အနီးကပ် ဘယ်ထောက်သီးကြောင့် ဖားဆိုလမှာ အလဲထိုးခံခဲ့ရပြီး အရှုံးပေးခဲ့ရသည်။

ယခုကျင်းပခဲ့သည့်ပြိုင်ပွဲတွင် တွဲဆိုင်း ၈ ဆိုင်းပါဝင်ခဲ့သော်လည်း အရှုံးအနိုင်ထွက်ပေါ်ခဲ့သည်မှာ နှစ်ဆိုင်းသာရှိခဲ့ပြီး ခြောက်ဆိုင်းမှာ သရေကျခဲ့သောကြောင့် ပရိသတ်များစိတ်ပျက်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ANS (၆၃.၅) ကီလိုတန်းချန်ပီယံ သက်ဝင်းအောင်မှာ ရန်နိုင်ထွန်းကို ရှုံးနိမ့်ခဲ့ခြင်းမှာလည်း ပရိသတ်များအကြား အားမလိုအားမရဖြစ်ခဲ့ကြရသည်။

ကျော်စွာဝင်းသည် ဖေဖော်ဝါရီအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ခွန်ခမာပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံသားဖိုက်တာ ဖက်ချာဘူရာဖာနှင့် ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကျော်စွာဝင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မြန်မာပြည်ချန်ပီယံဟု သတ်မှတ်ထားသည့် သွေးသစ်ဝင်းလှိုင်နှင့် အမှတ်ပေးစနစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သရေကျခဲ့သည်။

Most Read

Most Recent