ဘိုင်ယန်ရဲ့ အဋ္ဌမမြောက် ရွေးချယ်မှု

ဘိုင်ယန်ရဲ့ အဋ္ဌမမြောက် ရွေးချယ်မှု
Photo: X
Photo: X
Published 1 June 2024
Taw Lynn

ဗင့်ဆင့်ကွန်ပနီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတယ်။ ခင်ဗျားအနေနဲ့ ဒီ သတင်းကို စကြားချိန်မှာ ဘယ်လိုမှမယုံနိုင်လို့ အော်ဟစ်မိလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ဒါက အမှန်တရားပါ။ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ရဲ့ လူသိရှင်ကြား နည်းပြသစ်ရှာပုံတော်က လေဗာကူဆင်မှာ စတင်ပြီး နောက်ဆုံး ဘန်လေမှာ အဆုံးသတ်သွားတယ်။ တကယ်တမ်းပြောရရင် ကွန်ပနီက ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရမယ့် အဆင့်မျိုး မဟုတ်သေးဘူး။ ဒါပေမဲ့ ခုအချိန်မှာတော့ ကွန်ပနီဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အရင်လိုအောင်မြင်မှုတွေ ပြန်ယူပေးရမယ့်တာဝန် ပခုံးပေါ် ရောက်လာပါပြီ။ ကွန်ပနီ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာတဲ့ ဇာတ်လမ်းက ဒီနွေရာသီမှာ ထူးဆန်းတဲ့ပုံပြင်တစ်ပုဒ်ပါ။ ပရီးမီးယားလိဂ်မှာ တန်းဆင်းသွားတဲ့ နည်းပြတစ်ဦးက ဘောလုံးလောကမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ ရာထူးတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်တယ်။

 

ဗင့်ဆင့်ကွန်ပနီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတယ်။ ခင်ဗျားအနေနဲ့ ဒီ သတင်းကို စကြားချိန်မှာ ဘယ်လိုမှမယုံနိုင်လို့ အော်ဟစ်မိလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ဒါက အမှန်တရားပါ။ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ရဲ့ လူသိရှင်ကြား နည်းပြသစ်ရှာပုံတော်က လေဗာကူဆင်မှာ စတင်ပြီး နောက်ဆုံး ဘန်လေမှာ အဆုံးသတ်သွားတယ်။ တကယ်တမ်းပြောရရင် ကွန်ပနီက ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရမယ့် အဆင့်မျိုး မဟုတ်သေးဘူး။ ဒါပေမဲ့ ခုအချိန်မှာတော့ ကွန်ပနီဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အရင်လိုအောင်မြင်မှုတွေ ပြန်ယူပေးရမယ့်တာဝန် ပခုံးပေါ် ရောက်လာပါပြီ။ ကွန်ပနီ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာတဲ့ ဇာတ်လမ်းက ဒီနွေရာသီမှာ ထူးဆန်းတဲ့ပုံပြင်တစ်ပုဒ်ပါ။ ပရီးမီးယားလိဂ်မှာ တန်းဆင်းသွားတဲ့ နည်းပြတစ်ဦးက ဘောလုံးလောကမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ ရာထူးတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်တယ်။ ကွန်ပနီရဲ့ ဘန်လေဟာ ပရီးမီးယားလိဂ်ကနေ ချက်ချင်းဆိုသလိုပဲ ချန်ပီယံလိဂ်ကို တန်းပြန်ဆင်းခဲ့ရတာပါ။ သိပ်မကြာခင်က အဆုံးသတ်သွားတဲ့ ၂၀၂၃- ၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကွန်ပနီရဲ့ ဘန်လေအသင်းက (၅)ပွဲပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဘန်လေအသင်းက ကွန်ပနီကို စိတ်မပျက်ဘဲ ပရီးမီးယားလိဂ်ကို နှစ်ချင်းပေါက် ပြန်လည်ပြန်တက်နိုင်ဖို့ အစီအစဉ်တွေ ဆွဲပြီးသားပါ။ နော်တင်ဟမ်ဖောရက်စ်ကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမတိုင်မီမှာ ဘန်လေအသင်းဥက္ကဋ္ဌ အလန်ပေ့ချ်က သူတို့အနေနဲ့ ကွန်ပနီအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ဆိုခဲ့တာပါ။ အလန်ပေ့ချ် နဲ့ ဘန်လေအသင်းတာဝန်ရှိသူတွေက ကွန်ပနီဟာ သူတို့အတွက် အသင့်တော်ဆုံးနည်းပြလို့ ယူဆထားတယ်။ ဒါကြောင့်လည်း ၂၀၂၃ နွေရာသီမှာ ကွန်ပနီကို ပေါင်သန်း (၁၀၀)အထိပေးပြီး ကစားသမားသစ်တွေ ဝယ်ပေးခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ ဘန်လေအသင်းဟာ ထင်မှတ်ထားသလို ဖြစ်မလာဘဲ တန်းပြန်ဆင်းခဲ့ရပါတယ်။ ဘန်လေအသင်းဟာ ၂၀၂၂-၂၃ ရာသီ လိဂ်ချန်ပီ ယံရှစ်ပြိုင်ပွဲမှာ (၁၀၁)မှတ်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တာပါ။ အဲဒီတုန်းက အလန်ပေ့ချ်က ကွန်ပနီကို နည်းပြအဖြစ် ရရှိထားတာဟာ မြို့ပေါ်က အလှဆုံးကောင်မလေးနဲ့ တွဲနေရတာလိုပဲလို့တောင် တင်စားခဲ့တာပါ။ 

ဘောလုံးဝေဖန်သူ နသန်ရော်ဂျာကတော့ အလန်ပေ့ချ်အနေနဲ့ ကွန်ပနီကို ပုဂ္ဂိုလ်ရေး ခင်မင်လွန်းတာကြောင့် ချီးကျူးမှုတွေပြုလုပ်တာဟာ ရှက်စရာကောင်းတယ်လို့ ဝေဖန်ခဲ့တာပါ။ ပြီးတော့ သူက အလန်ပေ့ချ်အနေနဲ့ ပရိုဆန်ဆန် ဝေဖန်စရာရှိတာတွေကို ဝေဖန်သင့်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အလန်ပေ့ချ်နဲ့ ဘန်လေအသင်းတာဝန်ရှိသူတွေကတော့ ကွန်ပနီဟာ သူတို့ကို အောင်မြင်မှုတွေ ရယူပေးမယ့်သူလို့ တစ်ထစ်ချ ယုံကြည်ခဲ့ကြတာပါ။ အလန်ပေ့ချ်နဲ့ ဘန်လေအသင်းရဲ့ အိပ်မက်တွေဟာ မေ (၂၇)ရက် (တနင်္လာနေ့)မှာ အဆုံးသတ်သွားခဲ့တယ်။ အဲဒီနေ့မှာပဲ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နံပါတ်(၁) ပစ်မှတ်ဖြစ်လာတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တာပါ။ မေ (၂၉)ရက် (ဗုဒ္ဓဟူးနေ့)မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ကွန်ပနီကို အသင်းနည်းပြ အဖြစ် ခန့်အပ်ကြောင်း တရားဝင်ထုတ်ပြန်ကြေ ညာခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းက ကွန်ပနီ ကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် ဘန်လေအ သင်းကို လျော်ကြေး ပေါင် (၁၀)သန်းကျော် ပေးခဲ့ ရတယ်။ ဘန်လေအသင်းက ကွန်ပနီကို ဆက်ထိန်းချင်ပေမဲ့ သူ့အနာဂတ်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်လို့ လက်လွှတ်ပေးလိုက်တာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်ရှာပုံတော်က အတော်လေးရှုပ်ထွေးခဲ့တယ်။ နည်းပြ တူဟယ်လ်နဲ့ လမ်းခွဲပြီးနောက်မှာ ဘိုင်ယန်မြူးနစ် အသင်းဟာ သူတို့ရဲ့ ဦးစားပေးပစ်မှတ်အဖြစ် လေဗာကူဆင်နည်းပြ အလွန်ဆိုကို စတင်ချဉ်းကပ်ခဲ့တာပါ။ အလွန်ဆိုက လေဗာကူဆင်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်း လက်လျှော့လိုက်ရတာပါ။ အဲဒီနောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ နည်းပြဟောင်းတွေဖြစ်တဲ့ လက်ရှိ ဂျာမနီလက်ရွေးစင် အသင်းနည်းပြ နာဂယ်စ်မန်း၊ ဟန်ဆီဖလစ်ခ်(လက်ရှိ ဘာစီလိုနာနည်းပြ)တို့ကို ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ နာဂယ်စ်မန်းရော၊ ဟန်ဆီဖလစ်ခ်ပါ ဘိုင်ယန်မြူးနစ်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ နှစ်ယောက်နဲ့ အဆင်မပြေချိန်မှာ သြစတြီးယား လက်ရွေးစင်အသင်းနည်းပြ ရန်းညက်၊ အသင်း လက်မဲ့ဖြစ်နေတဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း တို့ကို ကမ်းလှမ်းခဲ့ရာမှာလည်း အငြင်းခံခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးအနေနဲ့ တူဟယ်လ်ကို အသင်းမှာဆက်နေဖို့ ဆွဲဆောင်ခဲ့ရာမှာလည်း မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်မှာ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာနဲ့ ဘရိုက်တန်နည်းပြဟောင်း ဒီဇယ်ဘီတို့ကိုလည်း ဘိုင်ယန်မြူးနစ်အသင်းက နည်းပြအဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့ပေမဲ့ အငြင်းခံခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်ဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတဲ့ ဘန်လေနည်းပြ ကွန်ပနီကို ချဉ်းကပ်ခဲ့ပြီး နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့တာပါ။ 

BBC Sport ရဲ့ ဥရောပဘောလုံးကျွမ်းကျင်သူ အန်ဒီဘရက်ဆဲလ်က "ကွန်ပနီကို ဥရောပမှာရှိတဲ့ အသင်းပေါင်းများစွာက လိုချင်နေကြတယ်ဆိုတာ အမှန်တရားပါပဲ။ ဒါပေမဲ့ တစ်ချိန်က ဂုဏ်သိက္ခာအရမ်းကြီးမားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြရာထူးက ထိပ်တန်းနည်းပြတွေကို လုံးဝမဆွဲဆောင်နိုင်တော့တဲ့ အလုပ်တစ်ခုဖြစ်သွားပြီလား။ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အဋ္ဌမ ဒါမှမဟုတ် နဝမမြောက် ရွေးချယ်မှုဖြစ်ပါတယ်"လို့ ဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၂၀၁၂ ခုနှစ်နောက်ပိုင်း ဘွန်ဒစ်လီဂါချန်ပီယံဆုကို ပထမဆုံးအကြိမ် လက်လွှတ်ခဲ့ရတယ်။ ဒါ့အပြင် တခြားပြိုင်ပွဲတွေမှာလည်း ကျဆုံးခဲ့လို့ ဖလားလက်မဲ့ရာသီနဲ့ ကြုံခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်လိုအသင်းအတွက် တစ်ရာသီ ဖလားလက်မဲ့ကြုံရတာက အရမ်းကိုဆိုးရွားလွန်းပြီး နှစ်ရာသီဆက်တိုက်သာ အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံရမယ်ဆိုရင်တော့ ကပ်ဆိုက်သလိုဖြစ်သွားပါတယ်။ မန်စီးတီးဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ကွန်ပနီဟာ နည်းပြဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေသူပါ။ ကွန်ပနီအနေနဲ့ ပွဲကြိုသတင်း စာရှင်းလင်းပွဲတွေမှာပဲဖြစ်ဖြစ်၊ ပွဲပြီးအင်တာဗျူးတွေမှာပဲဖြစ်ဖြစ် ခပ်အေးအေးနဲ့ တုံ့ပြန်လေ့ရှိသူပါ။ ခုအချိန်မှာတော့ ကွန်ပနီအနေနဲ့ နည်းပြလောကမှာ အောင်မြင်တဲ့နည်းပြတစ်ဦး ဖြစ်လာဖို့အတွက် ယုံကြည်မှုလိုအပ်နေတယ်။ လာမယ့်ရာသီမှာ ကွန်ပနီအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို လေဗာကူဆင်အသင်းဆီက ဘွန်ဒစ်လီဂါချန်ပီယံ ဆုကို ပြန်လည်ရယူပေးဖို့လိုအပ်သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မျက်နှာပန်းလှဖို့ လိုနေတာပါ။ ပြီးတော့ ဘိုင်ယန်မြူးနစ်အသင်းမှာ ကွန်ပနီအနေ နဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း၊ ဂျာမနီ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ နော်ယာ၊ မူလာ၊ ကင်မစ်ချ်တို့လို ကစားသမားတွေကို ကိုင်တွယ်ရမှာပါ။ အဲဒီနာမည်ကြီးကစားသမားတွေရဲ့ အတ္တတွေကို ကွန်ပနီအနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတွေ စိတ်ဝင်စားစရာကောင်းပါတယ်။ အားကစားကလောင်ရှင် ဘလာဂွယ်က "ဘိုင်ယန်မြူး နစ်အသင်းက သူတို့ခန့်အပ်မယ့် နည်းပြသစ်နဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ တိုင်ပင်ခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ တိုင်ပင်ဆွေးနွေးပြီးနောက်မှာ ကွန်ပနီနာမည်က ထွက်ပေါ်လာတာပါ။ ကွန်ပနီ ဟာ ဂွါဒီယိုလာရဲ့ထောက်ခံချက်နဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ဖြစ်လာတာပါ" လို့ ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာတွေဖြစ်တဲ့ မက်အာဘယ်လ်နဲ့ ဖရီဒန့်တို့က အသင်းအောင်မြင်မှုအတွက် ကွန်ပနီကို အလောင်းအစားလုပ်ပြီး အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပါပြီ။ အခုအချိန်မှာ အဲဒီအလောင်းအစားက ထိုက်တန်ကြောင်း ကွန်ပနီအနေနဲ့ သူတို့အပြင် ဥရောပမှာပါ သက်သေပြရတော့မှာပါ။

Most Read

Most Recent