အနောက်အုပ်စုကပေးသော လက်နက်များသုံး၍ ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုရေးကိစ္စ နေတိုးဆွေးနွေး

အနောက်အုပ်စုကပေးသော လက်နက်များသုံး၍ ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုရေးကိစ္စ နေတိုးဆွေးနွေး
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့ကြီးခါကိဗ်၌ ပျက်စီးနေပုံကို မေ ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့ကြီးခါကိဗ်၌ ပျက်စီးနေပုံကို မေ ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 30 May 2024

နေတိုးနိုင်ငံခြားရေးဝန်ကြီးများသည် မေ ၃၀ ရက်တွင် ချက်မြို့တော်ပရာဟာ၌ တွေ့ဆုံနေကြပြီး ရုရှားနိုင်ငံကို တိုက်ခိုက်ရန် အနောက်အုပ်စုက ပေးသောလက်နက်များ အသုံးပြုခြင်းမှ ယူကရိန်းကိုတားမြစ်ထားခြင်းအား ဖွင့်ပေးရန် ထိပ်တန်းမဟာမိတ်နိုင်ငံများကို တောင်းဆိုမှုများ ပိုမိုလုပ်ဆောင်နေကြသည်။

ချက်မြို့တော်၌ ပြုလုပ်သည့် နှစ်ရက်ကြာ အစည်းအဝေးသည် ဇူလိုင်လတွင် ၀ါရှင်တန်မြို့၌ ကျင်းပမည့် နေတိုးထိပ်သီးညီလာခံ၌ ယူကရိန်းကို ထောက်ပံ့ကူညီမည့်ကိစ္စများအား အလေးထားဆွေးနွေးရန် ရည်ရွယ် သည်။

သို့ရာတွင် အနောက်အုပ်စုကပေးသော လက်နက်များဖြင့် ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုသင့်မပြုသင့်ကိစ္စအခြေ အတင်ဆွေးနွေးမှုများသည် အစည်းအဝေးကို လွှမ်းမိုးနေမည်ဖြစ်သည်။

ယူကရိန်းသည် ရုရှားနိုင်ငံတွင်းက ပစ်မှတ်များကို တိုက်ခိုက်ရန် တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ရရှိရေးအတွက် ၎င်းကိုထောက်ပံ့နေသည့် နိုင်ငံများ အထူးသဖြင့် အမေရိကန်ကို ဖိအားပေးလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုနှင့်ဂျာမနီတို့သည် ရုရှားနှင့်၎င်းတို့ တိုက်ရိုက်ပဋိပက္ခဖြစ်ရန် ပိုမိုနီးစပ်သည့်အနေအထားသို့ ဆွဲသွင်းသွားနိုင်သည်ကို စိုးရိမ်လျက်ရှိကြသောကြောင့် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ရေးအတွက် ယူကရိန်းကို ခွင့်မပြုကြပေ။

ယင်းသို့တားမြစ်ထားခြင်းက ယူကရိန်း၏၎င်းဘာသာ၎င်းခုခံခွင့်စွမ်းရည်ကို အဟန့်အတားဖြစ်စေသောကြောင့် အဆိုပါကန့်သတ်ချက်များကို နေတိုးအဖွဲ့ဝင်နိုင်ငံများ ပြန်လည်စဉ်းစားရန် အချိန်တန်နေပြီဟု နေတိုးအစည်းအဝေးမတိုင်မီ နေတိုးအကြီးအကဲ ဂျန်စတိုလ်တင်ဘတ်က ထပ်တလဲလဲပြောကြားခဲ့သည်။

ရုရှားနိုင်ငံထဲမှတစ်ဆင့်တိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် အသုံးပြုနေသော အခြေစိုက်စခန်းများကို ချေမှုန်းရန် ယူကရိန်းကို ခွင့်ပြုပေးသင့်သည်ဟု မေ ၂၈ ရက်တွင် ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်က ပြောကြားခဲ့ပုံရသည်။

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးကမူ ယူကရိန်းသည် ဥပဒေဘောင်အတွင်းကလုပ်ဆောင်သင့်သည်ဟု ပြေကြားခဲ့ပြီး ဘာလင်သည် မည်သည့်နည်းဖြင့်ဖြစ်ဖြစ်ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းထံလက်နက်များ ထောက်ပံ့ခဲ့ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်လက်နက်များအသုံးပြုခြင်းကို ယူကရိန်းအား ကန့်ကွက်ထားဆဲဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါမဟာဗျူဟာသည် အ ပြောင်းအလဲဖြစ်သွားနိုင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

အနောက်အုပ်စု နိုင်ငံများက ယင်းလက်နက်များအသုံးပြုရေးအတွက် ယူကရိန်းအား ခွင့်ပြုပေးလိုက်မည်ဆိုပါက ဆိုးရွားသောအကျိုးဆက်များရှိလာလိမ့်မည်ဟု သမ္မတဗလာဒီမာပူတင်က သတိပေးခဲ့ခြင်းနှင့်အတူ  ရုရှားဘက်က ပြင်းထန်စွာတုံ့ပြန်ခဲ့သည်။

ခါကိဗ်ဒေသတွင် ရုရှားထိုးစစ်ကို တားဆီးရန် ယူကရိန်းရုန်းကန်ရသောကြောင့် အမေရိကန်နှင့်အခြားသောနိုင်ငံများက ၎င်းတို့၏လက်နက်များသုံး၍ ရုရှားအားတိုက်ခိုက်ရန် ယူကရိန်းကို ခွင့်ပြုပေးရေး ဖိအားပေးတောင်းဆိုမှုများ တိုးလာသည်။

“ဒီကန့်သတ်ချက်ဟာ အပြောင်းအလဲဖြစ်သင့်တယ်လို့ ယုံကြည်နေတဲ့မဟာမိတ်တွေကို သမ္မတမက်ခရွန်ရဲ့စိတ်ကူးကအထောက်အကူဖြစ်စေတယ်ဆိုတာရှင်းပါတယ်”ဟု နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

“အမေရိကန်မှာအခြေအတင်ဆွေးနွေးနေတာတွေဟာ မက်ခရွန်ရဲ့စိတ်ကူးတွေကို ထည့်သွင်းစဉ်းစားတဲ့ ဆွေးနွေးမှုတွေဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု အဆိုပါသံတမန်က ပြောကြားခဲ့သည်။ ပရာ ဟာအစည်းအဝေးတွင် ထိုကိစ္စကို အလေးထားဆွေးနွေးမည်ဟု ၎င်းကပြောကြားခဲ့သည်။                                              

Ref: AFP

Most Read

Most Recent