ကမ္ဘာ့ပြဿနာတစ်ခုဖြစ်လာနိုင်သည့် ဆာဟယ်ဒေသ အကျပ်အတည်း 

ကမ္ဘာ့ပြဿနာတစ်ခုဖြစ်လာနိုင်သည့် ဆာဟယ်ဒေသ အကျပ်အတည်း 
Published 2 June 2024

ဆာဟယ်ဒေသတွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ချက်ချင်းဖြေရှင်းရမည်ဖြစ်ပြီး သို့မဟုတ်ပါက အခြားနိုင်ငံများပါ ထိုအကျပ်အတည်းအတွင်း ကျရောက် သွားနိုင်ပြီး ကမ္ဘာကြီးအတွက် ပြဿနာတစ်ခုဖြစ်လာလိမ့်မည်ဟု UNHCR က သတိပေးခဲ့သည်။

နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုတို့တွင် ဖြစ်ပွားနေသည့် ကျိုးပျက်လွယ်သည့် အခြေအနေသည် အခြားနိုင်ငံများကိုပါ ပျံ့နှံ့မည့်အန္တရာယ်ရှိလာခဲ့သည်ဟု UNHCR ၏ အနောက်နှင့် ဗဟိုအာဖရိက ညွှန် ကြားရေးမှူး အဗ္ဗဒိုရာအော့ဖ် ဂျီနွန်ကွန်ဒီက ဘရပ်ဆဲလ်မြို့တွင် အေအက်ဖ်ပီသတင်းဌာနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဂီနီပင်လယ်ကွေ့၊ တိုဂို၊ ဘီနင်၊ ဂါနာ၊ ကို့ဒီအိုင်ဗရီတို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသည့်အခြေအနေနှင့် မလုံခြုံ မှုတို့ကို ယခင်ကတည်းက ခံစားခဲ့ရပြီး မော်ရီတေးနီးယားနှင့် အယ်လ် ဂျီးရီးယားနိုင်ငံများတွင်လည်း အလားတူအခြေအနေဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 “တကယ်လို့ ကျွန်တော်တို့ အခုအရေးတယူ မလုပ်ဆောင်ဘူးဆိုရင်၊ မတုံ့ပြန်ဘူးဆိုရင်၊ အဖြေမရှိနိုင် ဘူးဆိုရင် အဲဒီနိုင်ငံတွေရဲ့ အခြေအနေတွေ ပိုဆိုးလာနိုင်ပြီး ကမ္ဘာကြီးအတွက် ပြဿနာတစ်ခုဖြစ်လာပါ လိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျီနွန်ကွန်ဒီသည် ပဋိပက္ခများကြောင့်လူပေါင်း ၁၀ ဒသမ ၅ သန်းခန့် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်နေရ သည့် အာဖရိကဒေသများအပေါ် အာရုံစိုက်ရန်လိုအပ်ကြောင်းအား အလေးထားပြောဆိုရန် ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာပေါ်မှာ အပြောင်းအလဲတွေနဲ့ အခြားပဋိပက္ခတွေရှိနေပေမယ့် ဆာဟယ်ဒေသမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကိုလည်း အာရုံစိုက်သင့်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဂျီနွန်ကွန်ဒီသည် မေ ၂၈ ရက်တွင် ဥရောပသမဂ္ဂက ဦးဆောင်ကျင်းပခဲ့သည့် ဆာဟယ်ဒေသဆိုင်ရာ အလှူရှင်များညီလာခံကို တက်ရောက်ခဲ့သည်။

ထိုညီလာခံတွင် ဥရောပကော်မရှင်က ဘာကီနာဖာဆို၊ ကင်မရွန်း၊ ချဒ်၊ မာလီ၊ မော်ရီတေးနီးယား၊ နိုက် ဂျာနှင့်နိုက်ဂျီးရီးယာဒေသများရှိ ချို့တဲ့သူများအတွက် ယူရို ၂၀၁ သန်း (ဒေါ်လာ ၂၁၈ သန်း) ကူညီထောက် ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။

ဘာကီနာဖာဆို၊ နိုက်ဂျာနှင့် မာလီတွင် စစ်အစိုးရများက ၎င်းတို့နိုင်ငံများကို ကိုလိုနီပြုခဲ့ဖူးသည့် ပြင်သစ်နိုင်ငံမှ စစ်သားများကို ၎င်းတို့ နိုင်ငံအတွင်းမှ ထွက်ခွာရန် တိုက်တွန်းခဲ့ပြီး ဂျီဟတ်သောင်းကျန်းသူများအား တို်က်ခိုက် သည့်စစ်ဆင်ရေး တွင် ရုရှား၏ အကူအညီများကို ရယူနေသဖြင့် အနောက်နိုင်ငံများမှ အလှူရှင်များကို စိုးရိမ်စေခဲ့သည်။

“UNHCR အတွက် အဲဒီနိုင်ငံတွေမှာ ဘယ်သူက ဦးဆောင်နေလဲဆိုတာ အရေးအကြီးပါဘူး။ အရေးအ ကြီးဆုံးအချက်ကတော့ အရပ်သားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်” ဟု ဂျီနွန်ကွန်ဒီက ပြောကြားခဲ့သည်။

နိုက်ဂျာနှင့် ဆူဒန်နိုင်ငံကြားတွင် တည်ရှိသည့် ချဒ်နိုင်ငံသည်  နိုင်ငံတကာ အလှူရှင်နိုင်ငံများနှင့် ကုလသမဂ္ဂ အတွက် ဒေသတွင်းလူသားချင်း စာနာထောက်ထားမှုများပေးရန်အတွက် အစမ်းသဘောလုပ်ဆောင်သင့်သည့် နေရာတစ်ခုဖြစ်လာသည်ဟု ၎င်းကဆိုသည်။

စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် သုံးနှစ်ကြာရောက်ရှိခဲ့ပြီးနောက် ပထမဆုံးအစိုးရအဖွဲ့ကို ကြေညာခဲ့သည့် ချဒ်နိုင်ငံတွင် ဆူဒန်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဆူဒန်ဒုက္ခသည်ပေါင်းတစ်သန်းကို လက်ခံထားရပြီး ထိုဒုက္ခသည်အရေအတွက်သည် ယခုနှစ်ကုန်ပိုင်းတွင် ဆက်လက်မြင့်တက်လာလိမ့်မည်ဟု ဂျီနွန်ကွန်ဒီက ပြော ကြားခဲ့သည်။

ဆူဒန်တွင် စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်ဘာဟန်နှင့် အရန်တပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဟမ်ဒန်ဒါဂလိုတို့အကြား စစ်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာ မြင့်လာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလျက်ရှိသည်။

ဆူဒန်နိုင်ငံတွင် ဒေသခံများသည် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုအတွင်း ပိတ်မိနေပြီး မိုးရာသီတွင် အထောက်အပံံ့များ ပိတ်ဆို့ခံထားရသဖြင့် လူပေါင်းလေးသန်းခန့်သည့် အငတ်ဘေးကျရောက်မည့် အန္တရာယ် မြင့်တက်နေသည်ဟု ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ကလီမန်တိုင်း အန်ကွီတာဆလာမီက သတိပေးခဲ့သည်။                    Ref:AFP

 

Most Read

Most Recent