ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာ အဆုံးသတ်ရေးကို ထောက်ခံကြောင်း သမ္မတဘိုင်ဒင်နှင့် ဝန်ကြီးချုပ်မိုဒီ အတည်ပြု

ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာ အဆုံးသတ်ရေးကို ထောက်ခံကြောင်း သမ္မတဘိုင်ဒင်နှင့် ဝန်ကြီးချုပ်မိုဒီ အတည်ပြု
၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့ တွေ့ဆုံစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့ တွေ့ဆုံစဉ်(Photo: AFP)
Published 27 August 2024

ယူကရိန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။

 ရုရှား၏ကျူးကျော်မှု အဆုံးသတ်ရေးအတွက် ယူကရိန်း၏အမြင်ကို မိုဒီက လက်ခံယုံကြည်သည်ဟု မျှော်လင့်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

အစဉ်အလာမဟာမိတ် ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပွေ့ဖက်နှုတ်ဆက်ခဲ့သည့်အတွက် ယူကရိန်း၏ ပြစ်တင်ရှုတ်ချခြင်းခံရပြီးနောက် သီတင်းပတ်များအကြာ သြဂုတ် ၂၃ ရက်တွင် မိုဒီက ယူကရိန်းသို့ သွားရောက်ကာ သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံခဲ့သည်။

စစ်မြေပြင်၌ မည်သည့်ပြဿနာကိုမှ မဖြေရှင်းသင့်ကြောင်း ထိုခရီးစဉ်အတွင်း မိုဒီက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းပြောဆိုစဉ်အတွင်း မိုဒီကအပြန်အလှန် ဆွေးနွေးခြင်းနှင့် သံခင်းထမန်ခင်းနည်းလမ်းတို့ကို ထောက်ခံသည့် အိန္ဒိယက တစ်စိုက်မတ်မတ် ဆုပ်ကိုင်ထားသော သ ဘောထားကို ထပ်လောင်းပြောဆိုခဲ့ကြောင်း၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ဆောလျင်စွာ ပြန်လည်ရရှိရေးအတွက် အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သမ္မတဘိုင်ဒင်၏ တုံ့ပြန်ပြောဆိုမှုနှင့် ပတ်သက်၍မေးမြန်းရာတွင် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက ကမ္ဘာ့နိုင်ငံအားလုံးအနေဖြင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းသမ္မတ၏ အမြင်များအား နားထောင်ပေးခြင်းကို အမေရိကန်က ထောက်ခံကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“သမ္မတဇယ်လန်းစကီးရဲ့ ငြိမ်းချမ်းရေးအတွက် ဦးတည်ကြိုးပမ်းမှုတွေကို ကူညီအားပေးချင်တဲ့ ဘယ်နိုင်ငံကိုမဆို မိမိတို့အနေနဲ့ ကြိုဆိုပါတယ်”ဟု ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်က ငြိမ်းချမ်းရေး သတင်းစကားပါးမှုနှင့် ယူကရိန်း၏စွမ်းအင်ကဏ္ဍအပါအဝင် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပ့ံပိုးမှုတို့အတွက် ဝန်ကြီးချုပ်မိုဒီအား သမ္မတဘိုင်ဒင်က ချီးကျူးခဲ့သည်ဟု အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ ပဋိညာဉ်ကို အခြေခံ၍ နိုင်ငံတကာ ဥပဒေများနှင့်အညီ ပဋိပက္ခအားငြိမ်းချမ်းစွာဖြေရှင်းနည်းကို ဆက်လက်ထောက်ခံကြောင်း ခေါင်းဆောင်နှစ်ဦးက အတည်ပြုခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ကျူးကျော်မှုအတွင်း သိမ်းယူခဲ့သောနယ်မြေအားလုံးကို ရုရှားဘက်က ပြန်ပေးရန်  ဇယ်လန်းစကီးက တောင်းဆိုထားသည်။

မိုဒီ၏ အစိုးရသည် ၂၀၂၂ ခုနှစ် ဖေဖော် ၀ါရီလတွင် ရုရှားက ယူကရိန်းအား ကျူးကျော်ခဲ့ခြင်းကို ပေါ်ပေါ်ထင်ထင်ပြစ်တင်ရှုတ်ချခဲ့ခြင်းမရှိဘဲ မတူကွဲပြားမှုများကို စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းရန် နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့သည်။

တစ်ချိန်တည်းတွင် အိန္ဒိယသည် စျေးနှုန်းသက်သာစွာဖြင့် ရရှိနေသော ရုရှားထုတ်ရေနံများကိုလည်း စံချိန်တင်ပမာဏအထိ တိုးမြှင့်ဝယ်ယူခဲ့ကာ အိန္ဒိယ၏ ရေနံတင်သွင်း မှု ၄၀ ရာခိုင်နှုန်းကျော်သည် ရုရှားထံမှဖြစ်သည်။ မိုဒီသည် အရေးပါသော ကုန်သွယ်ဖက်ဖြစ်ပြီး စစ်လက်နက်များကိုလည်း အဓိက ရောင်းချပေးသော ရုရှားနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်ဆန္ဒရှိနေသည်။  

Ref: AFP

Most Read

Most Recent