ရုရှားက အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်

ရုရှားက အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်
ဇူလိုင် ၁၉ ရက်က ရဲကာတာရင့်ဘာ့ဂျ်မြို့ရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးမှုအတွင်း အမေရိကန်သတင်းထောက် အီဗန်ဂါ့ရှ်ကိုဗစ်ကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၁၉ ရက်က ရဲကာတာရင့်ဘာ့ဂျ်မြို့ရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးမှုအတွင်း အမေရိကန်သတင်းထောက် အီဗန်ဂါ့ရှ်ကိုဗစ်ကို တွေ့ရစဉ်(Photo: AFP)
Published 20 July 2024

ရုရှားတရားရုံးတစ်ရုံးက ဇူလိုင် ၁၉ ရက်တွင် အမေရိကန်သတင်းထောက် အီဗန်ဂါ့ရှ် ကိုဗစ်ကို သူလျှိုလုပ်မှုအတွက် ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့ပြီး ယင်းအမိန့်ချမှုအပေါ် အနောက်နိုင်ငံများ၏အစိုးရများနှင့် ၎င်း၏ Wall Street Journal သတင်းစာတိုက်က စက်ဆုပ်ဖွယ်၊ရှက်ရွံဖွယ်ကောင်းသော အမိန့်ချမှတ်မှုဟု ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ဂါ့ရှ်ကိုဗစ်သည် ၂၀၂၃ ခုနှစ်မတ်လက သတင်းရယူရန် ခရီးထွက်စဉ်အတွင်းဖမ်းဆီးခံခဲ့ရသော ရဲကာတာရင်ဘာ့ဂျ်မြို့တွင် လျှို့ဝှက်တံခါးပိတ်ရုံးထုတ်စစ်ဆေးမှုသုံးကြိမ်ပြုလုပ်ပြီးနောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ရုရှားအစိုးရသည့်ဂါ့ရှ် ကိုဗစ်အား သတင်းထောက်တစ်ဦးဖြစ်သည့်အပြင် အမေရိကန်နိုင်ငံသားတစ်ဦးလည်း ဖြစ်သည့်အတွက် ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေ ဂါ့ရှ်ကိုဗစ်ပြန်လည် လွတ်မြောက်ရေးအတွက် အင်တိုက်အားတိုက်ဖိအားပေးရမှာဖြစ်ပြီး ဒီလိုဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်”ဟုအိမ်ဖြူတော်က လက်ရေးဖြင့်ထုတ်ပြန်ချက်တစ်ရပ်တွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားအစိုးရနှစ်ဖက်လုံးက အကျဉ်းသားလဲလှယ်ရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟုပြောကြားခဲ့သည်။

ရုရှားက ၎င်း၏မူဝါဒတွင် ပြစ်ဒဏ်မချ ခံရသေးသူများကို အလဲအလှယ်မလုပ်ဟုယခင်က ပြောကြားခဲ့ဖူးသည့်အတွက် ဇူလိုင် ၁၉ ရက်က ပြစ်ဒဏ်ချမှတ်မှုသည် အသက် ၃၂ နှစ်အရွယ် ဂါ့ရှ်ကိုဗစ်အား နောက်ဆုံးတွင် သဘောတူညီချက်တစ်ရပ်ဖြင့် အကျဉ်းသားလဲလှယ်မှုတွင်ပါဝင်နိုင်ရန် အလားအလာရှိ နေသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်ကမူ “ဘိုင်ဒင်က သူဟာ ဘုရင်တစ်ပါးရဲ့ပြန်ပေးရွေးငွေကို မပေးဘူးဆိုရင် ဂါ့ရှ်ကိုဗစ်ကိုဘယ်တော့မှ ထုတ်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရပြီးတာနဲ့ ချက်ချင်းလက်ငင်းဘာလျော် ကြေးမှမရှိဘဲ သူ့ကိုပြန်ထုတ်ပေးသွားမှာပါ။ ဒီလိုလုပ်ပေးရတဲ့အတွက် ကျွန်တော်ဂုဏ်ယူနေမှာပါ”ဟု ၎င်း၏ Truth Social ဝက်ဘ်ဆိုဒ်တွင်ရေးသားခဲ့သည်။

ဇူလိုင် ၁၉ ရက် တရားရုံးတွင် ဂါ့ရှ်ကိုဗစ်သည် ပြစ်ဒဏ်ချမှတ်မှုအပေါ်တုံ့ပြန်မှုတစ်စုံတစ်ရာမတွေ့ရဘဲ အနက်ရောင်ဘောင်းဘီနှင့် တီရှပ်ကို ဝတ်ဆင်ထားပြီး ဖန်လှောင်အိမ်တစ်ခုအနောက်ဘက်တွင် ရပ်၍ အမိန့်ချမှတ်မှုကို နားထောင်ခဲ့သည်။သူသည် မထွက်ခွာမီ ၎င်း၏သတင်းထောက်လုပ်ဖော်ကိုင်ဖက်များကို လက်ပြနှုတ်ဆက်ခဲ့သည်။

ဂါ့ရှ်ကိုဗစ်ကို ဆိုးရွားသောနေထိုင်မှုအခြေအနေများနှင့် တင်းကျပ်သောစည်းမျဉ်းများဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ရုရှားအကျဉ်းထောင်တစ်ခုသို့ ပို့ဆောင်ခဲ့သည်ဟု တရားသူကြီး အန်ဒရီမီနီရက်ဗ်ကပြောကြားခဲ့သည်။

Wall Street Journal သတင်းထောက် ဂါ့ရှ်ကိုဗစ်သည် ၂၀၂၃ ခုနှစ်တွင်ဖမ်းဆီးခံရချိန် စစ်အေးကာလနောက်ပိုင်းရုရှားတွင် သူလျှိုမှုစွဲချက်တင်ခံရသည့် ပထမဆုံးသတင်းထောက်ဖြစ်လာခဲ့သည်။

ဂါ့ရှ်ကိုဗစ်သည် ၁၆ လနီးပါးကြားထိန်း သိမ်းခံထားရပြီး အမေရိကန်အစိုးရနှင့် Wall Street Journal တို့ကမူ ဂါ့ရှ်ကိုဗစ်အပေါ်စွဲချက်များကို လုပ်ဇာတ်ခင်းစွပ်စွဲမှုဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂါ့ရှ်ကိုဗစ်သည် ပြည်ပနိုင်ငံများတွင် အကျဉ်းချခံထားရသော ရုရှားနိုင်ငံသားများပြန် လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းရေးပစ္စည်းတစ်ခုအဖြစ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်းအမေရိကန်အစိုးရက ယူဆထားသည်။                                               

Ref: AFP

Most Read

Most Recent