အပူလှိုင်းကြောင့် အသက်အန္တရာယ် ပိုမိုဆိုးရွားလာသော အိန္ဒိယအမှိုက်ကောက်သမားများ

အပူလှိုင်းကြောင့် အသက်အန္တရာယ် ပိုမိုဆိုးရွားလာသော အိန္ဒိယအမှိုက်ကောက်သမားများ
Published 7 July 2024

အိန္ဒိယနိုင်ငံ ဂျမူးမြို့ပြင်ဘက်ရှိ ဖို့မြေမှ အမှိုက်မီးရှို့မှုမှ ထွက်ပေါ်လာသည့် ဆိုးရွားသောအနံ့သည် မိုင်ပေါင်းများစွာ အကွာအထိပျံ့နှံ့ လျက်ရှိသည်။ ဒေသခံ ၇၄၀,၀၀၀ ဝန်းကျင်ရှိ ဂျမူးမြို့မှ စွန့်ပစ်ခဲ့သော ပလတ်စတစ်၊စက်မှုလုပ်ငန်းများမှ အညစ်အကြေး၊ ဆေးဘက်ဆိုင်ရာ အညစ်အကြေးနှင့်အခြားအညစ် အကြေးများမှ အဆိပ်ရှိ မီးခိုးများ ပျံ့နှံ့လျက်ရှိသည်။

သို့သော် အမှိုက်ကောက်သူများသည် မီးခိုးငွေ့များနှင့်အပူဒဏ်ကို လျစ်လျူရှုကာ အမှိုက်များအတွင်း ပြန်လည်ရောင်းချနိုင်သည့် အရာများကို တွေ့ရှိနိုင်ရန် ရှာဖွေနေကြပြီး ၎င်းတို့သည်ယင်းအမှိုက်များမှ တစ်နေ့လျှင် အများဆုံး လေးဒေါ်လာဝင်ငွေရရှိသည်။

“ကျွန်တော်တို့ ဒီလိုမှမလုပ်ဘူးဆိုရင် အစားစားဖို့ ပိုက်ဆံမရှိပါဘူး”ဟု အသက် ၆၅ နှစ်အရွယ်အူစ်မန်း ရှီးကဆိုသည်။“အရမ်းပူလာတဲ့အခါ ကျွန်တော်တို့ ခဏအနားယူဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အချိန်အများ စုမှာတော့ ကျွန်တော်တို့ ဘယ်လိုမှမလုပ်နိုင်တော့တဲ့ အတိုင်းအတာအထိ အလုပ်ဆက်လုပ်ကြပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။

ရှီးနှင့် ၎င်း၏မိသားစုသည် အိန္ဒိယ၏ အမှိုက်များကြား ရှာဖွေ၍ နေထိုင်စားသောက်ရသော ပျမ်းမျှ လူ ၁ ဒသမ ၅ သန်းမှ လေးသန်းပမာဏရှိ လူများတွင် အပါအဝင်ဖြစ်သည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် ၎င်းတို့၏အန္တရာယ်ရှိသော အလုပ်ကို ပိုမိုဆိုးရွားလာစေ သည်။ ဟိမဝန္တာတောင်ခြေရှိ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၏ ဂျမူးမြို့တွင်ယခုနွေရာသီ၌ အပူချိန်သည် ၄၃ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ပုံမှန်အားဖြင့် မြင့်တက်ခဲ့သည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း၏ မကြာသေးမီက အပူလှိုင်းဖြတ်သန်းမှုအတွင်း လူတစ်ဦးထက် မနည်းသေဆုံးခဲ့ပြီး ယင်းသေဆုံးသူသည် အမှိုက်ကောက်သမားတစ်ဦးဖြစ်သည်ဟု အတည်ပြုထုတ်ပြန်ထားသည်။

အတွင်း၌ အမှိုက်များပုပ်သိုး ဆွေးမြေ့မှုကြောင့် ဖို့မြေသည် ၎င်းကိုယ်တိုင် တငွေ့ငွေ့လောင်နေပြီး  နွေရာသီအပူချိန်မြင့်တက်မှုသည်  ထိုဖြစ်စဉ်ကို ပိုမိုပြင်းထန်စေသည်။ ယင်းသည် အသက်ရှူရန်ခက်ခဲစေ သည့် မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့ ဂတ်စ်များထုတ်လွှင့်မှုကို မြင့်တက်စေသည်။ နွေရာသီတွင်ဖို့ မြေအားလုံးနီးပါး မီးလောင်ကျွမ်းနေပြီး ရက်ပေါင်းများစွာကြာ လောင်ကျွမ်းနေလေ့ရှိသည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

ဂျမူးဖို့မြေသို့ အေပီသတင်းထောက်များ သွားရောက်ချိန်တွင် အမျိုးသားနှစ်ဦးသည် အမှိုက်များကို သယ်ဆောင်ရန် ကြိုးပမ်းနေချိန်တွင် အမှိုက်ပုံကြီး၌ အသေးစားမီးလောင်မှုများကို မြင်တွေ့ခဲ့ရပြီး မီးခိုးများ ထွက်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

အသက်ခြောက်နှစ်အရွယ် ကလေးတစ်ဦးသည် ပလတ်စတစ်ညှပ်ဖိနပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အခြားအမှိုက်ကောက်သူများက အပူဒဏ်မှ ယာယီရှောင်ရှား လျက်ရှိကြသည်။

အိန္ဒိယသည် နှစ်စဉ် အမှိုက်တန်ချိန် ၆၂ သန်းထက်မနည်းထွက်ရှိသည်ဟု ဖက်ဒရယ်အစိုးရမှတ် တမ်းများတွင် ဖော်ပြထားကာ နယူးဒေလီမြို့အပြင်ဘက်ရှိ ဂါဇီယာဘတ်ဖို့ မြေကဲ့သို့ အချို့ဖို့မြေများသည် အမှိုက်တောင် ပုံကြီးတစ်ခုသဖွယ် ဖြစ်နေသည်။

၂၀၁၆ ဥပဒေတစ်ရပ်တွင်ဖို့ မြေများသို့ အန္တရာယ်ရှိသော ပစ္စည်းများမရောက်ရှိစေရေးအတွက် အမှိုက်များကို ခွဲခြားစွန့်ပစ်ရန် ထုတ်ပြန်ထားသော်လည်း ယင်းဥပဒေ အကျိုးသက်ရောက်မှု အားနည်းလျက်ရှိကာ အမှိုက်ကောက်သမားများအတွက် အန္တရာယ်ပိုမိုရှိလာစေသည်ဟု သိရသည်။

“အမှိုက်ကောက်သူတွေက သူတို့ရဲ့လက်တွေကို အများဆုံးအသုံးပြုနေကြတဲ့အတွက် ဒိုင်ပါတွေကအစ ဆီးချိုတိုင်းတဲ့အပ်တွေအထိ အရာအားလုံးကို ထိတွေ့မိပြီး ညစ်ညမ်းကုန်ကြပါတယ်”ဟု နယူးဒေလီအခြေစိုက် ချင်တန်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနနှင့်လုပ်ငန်း တာဝန်အဖွဲ့တည်ထောင်သူ ဘာရာ တီချာတူဗီဒီက ဆိုသည်။

အမှိုက်ကောက်သူများနှင့် နှစ်၂၀ ကြာ တွဲဖက်လုပ်ကိုင်လာခဲ့သည့် ချာတူဗီဒီက “အမှိုက်ကောက်တဲ့လူ တွေဟာ လူမှုရေးနယ်ပယ်မှာ ခွဲခြားဆက်ဆံခံရတဲ့အပြင် ဆိုးရွားတဲ့ အလုပ်ခွင့်အခြေအနေတွေနဲ့ ကြုံတွေ့ ရရုံသာမက ပြင်းထန်တဲ့အပူချိန်က သူတို့အတွက် နောက်ထပ်အန္တရာယ် အသစ်တစ်ခု ဖြစ်နေပါတယ်”ဟုဆို သည်။

ချာတူဗီဒီက ယခုနှစ်၏အပူချိန်သည် ခန့်မှန်းမရနိုင်သည့် အတိုင်းအတာအထိ အဆိုးရွားဆုံးဖြစ်ပြီး ဆင်းရဲချို့တဲ့သူများသည် မည်သို့မည်ပုံအသက်ရှင်သန်ရန် ကြိုးပမ်းရုန်းကန်နေရသည်ကို မြင်တွေ့ ရသည့်အပေါ် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

နယူးဒေလီရှိ ဖို့မြေတွင်အမှိုက်ကောက်သည့် အသက် ၅၅ နှစ်အရွယ်ဂီတာဒီဗီက အပူဒဏ်ကြောင့် ပင်ပန်းသည့်အတွက် အနားယူနေချိန်တွင် တစ်ခါတစ်ရံ၌ လူအချို့သည် အစားအစာသို့မဟုတ်ရေလာ ရောက်ပေးလေ့ရှိသည်ဟု ဆိုသည်။

“အပူဒဏ်ကြောင့် ကျွန်မအလုပ်လုပ်ရတာ ပိုခက်ခဲလာပါတယ်။ ဒါပေမဲ့ ကျွန်မမှာအခြားအလုပ်မရှိပါဘူး”ဟု ဒီဗီက ပြောပြခဲ့သည်။

Ref:AP