ဟယ်လင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၃၀ ရှိလာခြင်းနှင့်အတူ သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်အစိုးရ၏တုံ့ပြန်မှုကို ကာကွယ်ပြောဆို

ဟယ်လင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၃၀ ရှိလာခြင်းနှင့်အတူ သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်အစိုးရ၏တုံ့ပြန်မှုကို ကာကွယ်ပြောဆို
ဟယ်လင်းဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် မြောက်ကာရိုလိုင်းနား၌ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ဆောင်နေပုံကို စက်တင်ဘာ ၃၀ တွင်တွေ့ရစဉ်(Photo: AFP)
ဟယ်လင်းဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် မြောက်ကာရိုလိုင်းနား၌ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ဆောင်နေပုံကို စက်တင်ဘာ ၃၀ တွင်တွေ့ရစဉ်(Photo: AFP)
Published 1 October 2024

အမေရိကန်အစိုးရ၏တုံ့ပြန်မှုများ နှေးကွေးနေကြောင်း ပြောဆိုမှုများကို အိမ်ဖြူတော်က ဒေါသတကြီး ပယ်ချလိုက်ခြင်းနှင့်အတူ ထိခိုက်ပျက်စီးမှုများပြားစေခဲ့သော မုန်တိုင်းက ခါးသီးသောရွေးကောက်ပွဲ မဲ ဆွယ်စည်းရုံးရေးကာလတွင် အဓိကစည်းရုံးပြောဆိုသောအကြောင်းအရာဖြစ်လာစဉ် အမေရိကန်အရှေ့တောင်ပိုင်းပြည်နယ်များကို ဝင်ရောက်ခဲ့သော မုန်တိုင်းကြောင့် စက်တင်ဘာ ၃၀ ရက်တွင် သေဆုံးသူစုစုပေါင်းသည် အနည်းဆုံး ၁၃၀ ရှိလာခဲ့သည်။

အမေရိကန်အရှေ့တောင်ပိုင်းပြည်နယ်များတွင် လူရာချီ စာရင်းပျောက်နေဆဲဖြစ်ပြီး  သေဆုံးသူအရေအတွက် တိုးလာခြင်းနှင့်အတူ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်းသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြည့်ရန်အောက်တိုဘာ ၂ ရက်တွင် မြောက်ကာရိုလိုင်းနားပြည်နယ်သို့သွားမည်ဟုပြောကြားခဲ့သည်။ မြောက်ကာရိုလိုင်းနားပြည်နယ်သည် မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံခဲ့ရသောပြည်နယ်တစ်ခုဖြစ်သည်။

ဖက်ဒရယ်အစိုးရသည် ဟယ်လင်းဟာရီကိန်းကြောင့် ဖြစ်ပေါ်ခဲ့သော ဘေးအန္တရာယ်ကို လစ်လျုရှုထားပြီး မိမိကို ထောက်ခံသူများအား အကူအညီမပေးဟုရီပတ်ဘ လီကင်သမ္မတလောင်းဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။သမ္မတဂျိုးဘိုင်ဒင်က သမ္မတဟောင်းထရန့်သည် အလိမ်အညာများကို လျှောက်ပြောနေသည်ဟု စွပ်စွဲခဲ့သည်။

“သူ လိမ်နေတာပါ”ဟု ဘိုင်ဒင်က ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းသည် မြောက်ကာရိုလိုင်း နားပြည်နယ်အုပ်ချုပ်ရေးမှူးရေးကူးပါးနှင့် စကားပြောခဲ့ကြောင်း၊ ထရန့်လိမ်နေသည် ဟုကူးပါးကပြောကြားခဲ့ကြောင်း ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

“သူကဘာကြောင့် အဲဒီလိုပြောသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါဟာမမှန်ဘူးဆိုတာ ရှင်းနေပါတယ်။ တာဝန်မဲ့တဲ့စကားဖြစ်ပါတယ်”ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် CNN နှင့်တွေ့ဆုံရာတွင် ဒီမိုကရက်ဖြစ်သော ကူးပါးအားထရန့်ပြော ဆိုခဲ့သောစကားများနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ကူးပါးက “ခင်ဗျားဘယ်သူဆိုတာ အရေးမကြီးပါဘူး။ အကူအညီလိုတဲ့သူကို ကျွန်တော်တို့က အကူအညီပေးမှာပါ။ ကျွန်တော်တို့ဟာ နိုင်ငံရေးကိစ္စတွေကို ဘေး ဖယ်ပြီးစည်းလုံးရမယ့် အချိန်ရှိလာမယ်ဆို ရင်အဲဒီအချိန်ဟာ အခုအချိန်ပါပဲ”ဟု ပြောကြားခဲ့သည်။

မုန်တိုင်းကြောင့်လည်းကောင်း၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့် ရေကြီးမှုကြောင့်လည်းကောင်း အနည်းဆုံးလူ ၁၃၀ သေဆုံးခဲ့ရာ မြောက်ကာရိုလိုင်းနားတွင် ၅၇ ဦး၊ တောင်ကာရိုလိုင်းနားတွင် ၂၇ ဦး၊ ဂျော်ဂျီယာတွင် ၂၅ ဦး၊ ဖလော်ရီဒါတွင် ၁၄ ဦး၊ တန်နက်ဆီတွင် လေးဦး၊ ဗာဂျီးနီးယားတွင် တစ်ဦး အသီးသီးသေဆုံးသွားခဲ့သည်ဟု ဒေသဆိုင် ရာအာဏာပိုင်များ၏ပြောကြားချက်များကို အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

လေပြင်းများ၊ သည်းထန်သောမိုးများက ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ တန်နက်ဆီပြည်နယ်တို့က မြို့ငယ်များနှင့် မြို့ကြီးများကို ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အိမ်များ ပျက်စီးသွားခဲ့ပြီး ကားလမ်းများ ရေမြုပ်နေကာ ပြည်သူသန်းပေါင်းများစွာသည် လျှပ် စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများသည် မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် ပျောက်နေဆဲ လူရာပေါင်းများစွာကို ရှာဖွေနေဆဲဖြစ်သည်။ ယင်းဒေသများတွင် ရေနှင့် လျှပ်စစ်ဓာတ်အားပြန်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေသည့်အပြင် ဖုန်းလိုင်းများပြန်ရအောင်လည်း ကြိုးစားနေသည်ဟုဆိုသည်။

ဂျိုးဘိုင်ဒင်က မြောက်ကာရိုလိုင်းနားသို့ သွားရန်ပြင်ဆင်နေခြင်းနှင့်အတူ ထရန့်က စက်တင်ဘာ ၃၀ ရက်တွင် ဂျော်ဂျီယာပြည်နယ်သို့သွားခဲ့သည်။ ဂျော်ဂျီယာသည် မုန်တိုင်းဒဏ်ကို အဆိုးဆုံးခံခဲ့ရသောပြည်နယ်ဖြစ်သည်။                                                          Ref: AFP

         

 

                  

         

                  

           

 

 

Most Read

Most Recent