ပြည်ပရောက်အလုပ်သမားများအနေဖြင့် တရားဝင်ငွေလွှဲပေးပို့ထားသည့် အထောက်အထားများကို မိမိအားစေလွှတ်ခဲ့သည့် အေဂျင်စီထံ မိတ္တူပေးပို့ရမည်ဖြစ်ပြီး မိသားစုလွှဲပို့ငွေလွှဲပြောင်းပေးပို့ရန် ပျက်ကွက်ပါက အရေးယူမည်

ပြည်ပရောက်အလုပ်သမားများအနေဖြင့် တရားဝင်ငွေလွှဲပေးပို့ထားသည့် အထောက်အထားများကို မိမိအားစေလွှတ်ခဲ့သည့် အေဂျင်စီထံ မိတ္တူပေးပို့ရမည်ဖြစ်ပြီး မိသားစုလွှဲပို့ငွေလွှဲပြောင်းပေးပို့ရန် ပျက်ကွက်ပါက အရေးယူမည်
Published 6 September 2024

ပြည်ပရောက် အလုပ်သမားများအနေဖြင့် တရားဝင်ငွေလွှဲပေးပို့ထားသည့် အထောက်အထားများကို မိမိအားစေလွှတ်ခဲ့သည့် အေဂျင်စီထံ မိတ္တူပေးပို့ရမည်ဖြစ်ပြီး မိသားစုလွှဲပို့ငွေလွှဲပြောင်းပေးပို့ရန် ပျက် ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။

အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အမိန့်ကြော်ငြာစာ၌ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိမိတို့ရရှိသည့် လုပ်ခလစာများကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ရန် သတ်မှတ်ခြင်းအနေဖြင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့်လုပ်ခ လစာ၏အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး သုံးလလျှင်တစ်ကြိမ် သုံးလစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း ပါရှိသည်။

အဆိုပါနည်းလမ်းများအတိုင်း မိမိ၏မိသားစုဝင်များထံတရားဝင်လွှဲပို့ထားသော မိသားစုလွှဲပို့ငွေများကို တည်ဆဲဥပဒေများနှင့်အညီ ဝင်ငွေရလမ်းဖော်ပြနိုင်သော ငွေအဖြစ် ခံစားခွင့်ရရှိနိုင်ရေး တရားဝင်လွှဲ ပြောင်းပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို သေချာစွာသိမ်းဆည်းထားရမည်ဖြစ်ကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင် နေသည့် အလုပ်သမားများသည် တရားဝင်ငွေလွှဲပေးပို့ထားသည့် အထောက်အထားများကို မိမိအား တာဝန်ယူစေလွှတ်ခဲ့သည့် အေဂျင်စီထံသို့ မပျက်မကွက် မိတ္တူပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းနောက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများသည် မိမိစေလွှတ်ခဲ့သည့် အလုပ်သမားများအား တရားဝင်ငွေလွှဲပြောင်းပေးပို့ရာတွင် လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေးလိုအပ်သည်များ ကူညီဆောင်ရွက်ပေးရမည့်အပြင် အလုပ်သမားများက လစဉ်လွှဲပို့သည့် အထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ လချုပ်အဖြစ် အထောက်အထားများ ပူးတွဲလျက် မပျက်မကွက်တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေလွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိရပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card -OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သလိုစိစစ်အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏မိသားစုဝင်များထံသို့ ငွေလွှဲပို့ရာတွင် မိသားစုလွှဲပို့ငွေများကို တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများမှတစ်ဆင့် ငွေလွှဲပြောင်းပေးပို့ခြင်း မပြု(မပြု)ကြရန်နှင့် တရားဝင်လမ်းကြောင်းများမှသာလွှဲပြောင်း ပေးပို့ကြရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်သည်။