မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် အမျိုးသမီးဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် အမျိုးသမီးဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်မည်
Photo: MFF
Photo: MFF
Published 5 June 2024

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ပထမဆုံးတည်ဆောက်မည့် အမျိုးသမီး ဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် အမျိုးသမီးဘောလုံးအကယ်ဒမီ တည်ဆောက်မည့် အသေးအစိတ်အချက်အလက်များနှင့် ဒီဇိုင်းများကို FIFA ထံ ပေးပို့ ရမည်ဖြစ်ပြီး FIFA ထံမှ ခွင့်ပြုချက်ရရှိမှသာ တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ MFF သည် အမျိုးသမီး ဘောလုံးအကယ်ဒမီကို မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီ ပရဝုဏ်အတွင်း တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့်နှစ်တွင် စတင်တည်ဆောက်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ 

"ပထမဆုံးတည် ဆောက်မယ့် အမျိုးသမီးဘောလုံးအကယ်ဒမီကို FIFA ရဲ့ ပံ့ပိုးမှုနဲ့ တည်ဆောက်မှာဖြစ်ပါ တယ်။ ဒါကြောင့် အကယ်ဒမီတည်ဆောက်မယ့် အစီအစဉ်တွေနဲ့ ဒီဇိုင်းကို FIFA ကို ပေးပို့ရမှာဖြစ်ပါတယ်။ FIFA ဆီက ခွင့်ပြုချက်ပြန်ကျရင် တည်ဆောက်မယ့် ကုမ္ပဏီကို တင်ဒါခေါ်ယူပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်လက်အောက်တွင် အကယ်ဒမီကျောင်း သုံးခုရှိပြီး ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ယင်းအကယ်ဒမီကျောင်းသုံးခုစလုံးကို FIFA ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်းကျောင်းသုံးခု စလုံးတွင် အမျိုးသားလူငယ်ကစားသမားများကိုသာ သင်ကြားပေးနေခြင်းဖြစ်သည်။ MFF အနေဖြင့် အမျိုးသမီးလူငယ်ဘောလုံးသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အမျိုးသမီးဘောလုံးအကယ်ဒမီ တည်ထောင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အစောဆုံးဖွင့်လှစ်နိုင်ရန် လျာထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အကယ်ဒမီကျောင်းများနှင့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့်လက MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ကိုယ်တိုင် ဂျပန်နိုင်ငံသို့သွားရောက်၍ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ 

 

Most Read

Most Recent