မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်း နိုဝင်ဘာ ၁၄ ရက်တွင် ခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်း နိုဝင်ဘာ ၁၄ ရက်တွင် ခြေစမ်းပွဲကစားမည်
Photo: Weixinig Schrodinger Lim
Photo: Weixinig Schrodinger Lim
Published 2 September 2024

 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲ နှစ်ပွဲကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် လက်ဘနွန်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်း သည် စင်ကာပူအသင်းနှင့်ပွဲကို စင်ကာပူနိုင်ငံ၊ လက်ဘနွန်အသင်းနှင့်ပွဲကို ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် Asean Cup 2024 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ကြိုတင်ပြင်ဆင်မှုဖြစ်စေရန် နိုင်ငံတကာရက်သတ္တပတ်များတွင် ခြေစမ်းပွဲကစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာတွင် ခြေစမ်းပွဲ မကစားဘဲ အောက်တိုဘာနှင့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်များတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ကစားမည့် ခြေစမ်းပွဲနှစ်ပွဲအတွက် ပြိုင်ဘက်အသင်းရရှိထားပြီး အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲကစားရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ MFF သည် အာရှဒေသတွင်း လက်ရွေးစင်အသင်းများကို ကမ်းလှမ်းထားပြီး တစ်ပွဲ သို့မဟုတ် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပသည့်  Asean Cup 2022 ပြိုင်ပွဲ အုပ်စုအဆင့်တွင် နောက် ဆုံးတွေ့ဆုံခဲ့ပြီး စင်ကာပူအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ပြင် မြန်မာ့လက် ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲအဖြစ် ၂၀၁၉ ခုနှစ် ဇွန် ၁၁ ရက်က နောက်ဆုံးယှဉ် ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက အဝေးကွင်း ၌ (၁-၂) ဂိုးဖြင့် အနိုင်ရကာ ငါးနှစ်ကျော် အကြာတွင် ခြေစမ်းပွဲ ပြန်လည်ကစားခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းမှာမူ နိုင်ငံတကာခြေစမ်းပွဲ ပထမဆုံးအကြိမ်ကစားခြင်း ဖြစ်ပြီး ယခင်က အာရှဖလားခြေစစ်ပွဲတွင် နှစ်ကြိမ် တွေ့ဆုံဖူးကြောင်း သိရသည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲကစားရခြင်း မရှိသေးဘဲ အောက်တိုဘာနှင့် နိုဝင်ဘာမှသာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ် နှင့် ဇွန်လတွင် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယ အဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး ယခုနှစ်အတွင်း ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ်  Asean Cup 2024 ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၃ ခုနှစ်တွင်မူ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ခဲ့ပြီး တရုတ်၊ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအို၊ နီပေါအသင်းတို့နှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်နှစ်တွင် ခြေစမ်းပွဲ ခြောက်ပွဲ ယှဉ်ပြိုင်ကစားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲ ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲကစားခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent