စက်သုံးဆီသံသရာ ဘယ်အထိလည်နေဦးမလဲ

စက်သုံးဆီသံသရာ ဘယ်အထိလည်နေဦးမလဲ
သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
Published 1 September 2024
ဇော်မင်းနိုင်

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် အလှုပ်အခတ်အများဆုံးကဏ္ဍတစ်ခုတွင် ပါဝင်သည်မှာ စက်သုံးဆီ ကိစ္စပင်ဖြစ်သည်။

သုံးနှစ်ကျော်ကာလအတွင်း စက်သုံးဆီများ အလုံအလောက် ရောင်းချနိုင်ခြင်းမရှိ သည့်အခြေအနေကြောင့် မော်တော်ယာဉ် များ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူခဲ့ရသည့် ဖြစ်စဉ်များမှာ အနည်းဆုံး လေးကြိမ်အထိဖြစ် ပွားခဲ့သည်ကို တွေ့ရသည်။

“စက်သုံးဆီက အရင်တုန်းက ဖြစ်တာ နှစ်ခါလောက်ပဲရှိတယ်။ ဒီနှစ်ကျတော့ သြ ဂုတ်လထဲမှာတင် နှစ်ခါလောက်ဖြစ်သွား တယ်။ ဖြစ်လာတဲ့အကြိမ်က သိပ်မကြာဘူး” ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်မောင်းနှင်သူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်  ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ တွင် ရောင်းချသည့် စက်သုံးဆီများ နည်းပါး သဖြင့် လာရောက်ဝယ်ယူသည့် မော်တော် ယာဉ်များကို ခွဲတမ်းဖြင့် ရောင်းချပေးခဲ့ရ သည်။

“တစ်စီးကို သုံးသောင်းဖိုးနဲ့ ငါးသောင်း ဖိုးရောင်းတာပေါ့။ အရင်တုန်းကတော့ ဆီက လိုသလောက်ထည့်လို့ရတယ်” ဟု မော်တော် ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံရေးအပြောင်းအလဲမဖြစ်မီကာလ က တစ်လလျှင် ဆီတန်ချိန် ခြောက်သိန်းကျော် တင်သွင်းခဲ့သော်လည်း နိုင်ငံရေးအပြောင်းအ လဲဖြစ်ပြီးနောက်ပိုင်းတွင် ဆီတန်ချိန်သုံးသိန်း ကျော်သာ တင်သွင်းနေရခြင်းကြောင့် စက် သုံးဆီတင်သွင်းမှုမှာ ထက်ဝက်ခန့်လျော့ကျ ခဲ့ရပြီး စက်သုံးဆီများ မလုံလောက်ခြင်းဟု BBC မြန်မာပိုင်းအစီအစဉ်တွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

စက်သုံးဆီများကို လုပ်ငန်းရှင်များသို့ ပြန်လည်ဖြန့်ဖြုးရောင်းချရာတွင် ကိုတာစနစ် ဖြင့် ရောင်းချလျက်ရှိပြီး ယင်းသို့ပြုလုပ်ရာတွင် လည်း နယ်ဝေးခရီးများသို့ သယ်ယူမည်ဆိုပါ က မျှောစာရှိမှသာ သယ်ယူခွင့်ရရှိကြောင်း စက်သုံးဆီအသိုင်းအဝိုင်းမှ သိရသည်။

နယ်ဝေးဒေသများသို့ သယ်ယူရာတွင် မျှောစာရရှိမှသာ သယ်ယူခွင့်ပြုသည့်စနစ်ကို ပြီးခဲ့သည့်နှစ်ပိုင်းက သတ်မှတ်လိုက်ခြင်း လည်းဖြစ်သည်။

          စက်သုံးဆီများမှာ ရန်ကုန်တိုင်းဒေသ ကြီး သန်လျင်မြို့ရှိ သီလဝါဆိပ်ကမ်းမှတစ် ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးနေခြင်းလည်းဖြစ်  ကာ ဆီများကို ဝယ်ယူရာတွင် ဒေါ်လာဖြင့် ပေးချေနေရခြင်းဖြစ်သည်။

          အနီးဆုံးကာလဖြစ်သည့် ဇူလိုင် ၃၁ ရက်မှ စတင်ကာ စက်သုံးဆီပြတ်လပ်မှုဖြစ်ပွား ရခြင်းမှာမိုးရွာသွန်းမှုများပြားပြီး အခြားဒေသ များသို့ သယ်ယူရာတွင် လမ်းပန်းဆက်သွယ် ရေးအခက်အခဲများရှိခဲ့ခြင်းကြောင့်ဖြစ်သည် ဟု စက်သုံးဆီလုပ်ငန်းရှင်များအသင်းက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

          ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် မော် တော်ယာဉ်များ တန်းစီစောင့်ဆိုင်းပြီး ဆီဝယ် ယူရသည့် ဖြစ်စဉ်များ စတင်လာခဲ့ပြီး သြဂုတ် ၁ ရက်တွင် တန်းစီရသည့်မော်တော်ယာဉ် ပိုများလာသည်။

          စက်သုံးဆီများကို အဆင်ပြေအောင် အချိန်နှင့် တစ်ပြေးညီဖြန့်ဖြူးပေးနေသည့် အပြင် ဆီသင်္ဘောများလည်း ရောက်ရှိနေ သည်ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

          လောလောဆယ်တွင် ကောလာဟလ သတင်းများနှင့် မီဒီယာတချို့၏ သတင်းမှား များဖြင့် ၀ါဒဖြန့်ချိမှုကြောင့် ရန်ကုန်မြို့အပါ အဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် သာမန်မဟုတ်ဘဲ ဝယ်လိုအား အထူးမြင့်တက်ခဲ့ကြောင်း၊ မိုးကြီးသည့် ကာ လဖြစ်သဖြင့် ဆီတင်ကားများဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင် ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်း ဆိုင်များတွင် ယာယီ စက်သုံးဆီ ပြတ်လပ်မှု များ ကြုံတွေ့ခဲ့ရကြောင်း အဆိုပါအသင်းက ထုတ်ပြန်သည်။

          ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ် ပိုမိုမြင့်တက်လာ ခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အခြေ အနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာ သူအများစုသည် မြို့ကြီးများ‌သို့ ရောက်ရှိလာ သည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း၊ သီလဝါရှိ စက် သုံးဆီသိုလှောင်ကန်များတွင်လည်း စက်သုံး ဆီ လုံလောက်စွာရှိသည့်အပြင် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများ လည်း စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိ ကြောင်း၊ အသင်းအနေဖြင့် စက်သုံးဆီ ပိုမို လျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက် များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြ သဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန် လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ် ကြောင်း စက်သုံးဆီအသင်းက ထုတ်ပြန်ထား သည်။

          မိုးရွာသွန်းမှုများပြားခြင်းကြောင့် နယ် ဝေးသို့ပို့ဆောင်ခဲ့ရသည့်အခြေအနေတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိခဲ့ သဖြင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီ ဆိုင်များတွင်လည်း တန်းစီဝယ်ယူခဲ့ရသည်။

          မန္တလေးမြို့ဧရိယာအတွင်းရှိ စက်သုံး ဆီ အရောင်းဆိုင်ကြီးများတွင် ဆီထုတ်ယူရန် တန်းစီလျက်ရှိသည့် မော်တော်ယာဉ်နှင့်ဆိုင် ကယ်များမှာ နံနက် ၄ နာရီဝန်းကျင်မှစ၍ စီတန်းစောင့်ဆိုင်းနေကြပြီး အဆိုပါယာဉ် တန်းမှာ  လေးမိုင်၊ ငါးမိုင်ခန့်အထိပင်ရှိသည် ဟု မြို့ခံများက ပြောကြားသည်။

          ယင်းသို့ စီတန်းစောင့်ဆိုင်းချိန်ကြာမြင့် ခြင်း၊ စက်သုံးဆီ ပြတ်လပ်လာခြင်းများ ကြောင့် ပြင်ပဆီပေါက်စျေးနှုန်းများမှာလည်း မြင့်တက်လာခြင်းဖြစ်ပြီး ပြင်ပတွင် တစ်လီ တာဆံ့ တစ်ဘူးလျှင် ကျပ်တစ်သောင်းဝန်း ကျင်အထိ လုပ်စားရောင်းစားမှုများ ရှိလာ ခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံအချို့က သုံး သပ်ကြသည်။

          သြဂုတ်လလယ်ပိုင်းတွင်မူ အစိုးရက စက်သုံးဆီလုပ်ငန်းရှင်များအပါအဝင် လုပ် ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုး ပေးမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာခဲ့သည်။

          ယင်းမတိုင်မီ သြဂုတ် ၉ ရက်တွင် ဗဟို ဘဏ်အနေဖြင့် တစ်ပတ်အတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များ အတွက် FX Trading Platform  မှတစ်ဆင့် ဒေါ်လာခြောက်သန်း၊ တရုတ်ယွမ် ငါးသန်း နှင့် ထိုင်းဘတ် ၁၀ သန်း ရောင်းချခဲ့သည်။

          အလားတူ သြဂုတ် ၂ ရက်ကလည်း တစ် ပတ်အတွင်း စက်သုံးဆီကဏ္ဍ၊ စားသုံးဆီ ကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform  မှတစ်ဆင့် ဒေါ်လာငါး သန်းနှင့် တရုတ်ယွမ်ငါးသန်း ရောင်းချခဲ့ သည်။

          ထို့ပြင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရ ဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ‌စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေး ၀ါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေသြဇာတင်သွင်းသည့်ကုမ္ပဏီများသို့  FX Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၆၉ သန်း နှင့် တရုတ်ယွမ် ကိုးသန်း ရောင်းချခဲ့သည်။

စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမည်ဟု ဗဟိုဘဏ်က ကြေ ညာပြီးနောက်ပိုင်းတွင် ဒေါ်လာများကို ထပ်မံ ရောင်းချခဲ့သည်။

           သြ ဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာကိုးသန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့သည်။

          သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉၀ နီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော်(၉၉၄၇၃၉၅၈)ထုတ်ရောင်းပေး ခဲ့ခြင်းဖြစ်ကြောင်း ၊ သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာ လျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း ထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက် မှတ်တမ်းများအရ သိရသည်။

          လကုန်ပိုင်းဖြစ်သည့် သြဂုတ် ၂၈ ရက် တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ် ဒေါ်လာလျှင် ၃၄၇၂ ကျပ်ဖြင့် ဒေါ်လာ ၁၆ ဒသမ ၉ သန်း ထုတ်ရောင်းခဲ့သည်။

          ယင်းသို့ ဒေါ်လာများထုတ်ရောင်းခဲ့ပြီး နောက်ပိုင်းတွင် စက်သုံးဆီစျေးများလည်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

          သြဂုတ် ၃၀ ရက်တွင် စက်သုံးဆီတင် သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီ၏ စျေးနှုန်းသတ်မှတ်ချက်အရ ရန်ကုန်မြို့တွင် ၉၂ တစ်လီတာ ကျပ် ၃၁၀၀၊ ၉၅ တစ်လီတာ ကျပ် ၃၂၄၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၂၉၅၊ ရိုးရိုးဒီဇယ်တစ်လီ တာ ကျပ် ၂၆၅၅ ဖြစ်ကြောင်း သိရသည်။

          ယင်းကြောင့် စက်သုံးဆီစျေးနှုန်းမှာ ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၁၂၅ ကျပ်စီ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၅ ကျပ်စီမြင့်တက်လာခြင်း ဖြစ်သည်။

          ယခင်စျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၉၇၅၊ ၉၅ တစ်လီတာ ကျပ် ၃၁၁၅၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၂၀၀၊ ရိုးရိုး ဒီဇယ်တစ်လီတာ ကျပ် ၂၆၁၀ ဖြစ်ကြောင်း သိရသည်။

          ယင်းသို့ စက်သုံးဆီစျေးနှုန်းများမြင့် တက်လာသော်လည်း အချို့သောစက်သုံးဆီ ဆိုင်များတွင် စက်သုံးဆီအမျိုးအစားအချို့ကို ရောင်းချနိုင်ခြင်းမရှိကြောင်း သိရသည်။

          “ဆီစျေးက တက်လာပေမဲ့ တချို့ဆိုင် တွေမှာ ၉၂ နဲ့ ပရီမီယံဒီဇယ်ပဲရတဲ့ဆိုင်ရှိတယ်။ တချို့ဆိုင်တွေကျတော့ ၉၅ နဲ့ ရိုးရိုးဒီဇယ်ပဲ              ရတယ်။ အများစုမရှိတာ ၉၂ နဲ့ ဒီဇယ်တစ်မျိုး က မရှိတာများတယ်” ဟု ရန်ကုန်မြို့တွင်းမော် တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြား သည်။ သြဂုတ်လအတွင်းမှာပင် စက်သုံးဆီ များ မရရှိသဖြင့် ဆီဆိုင်များတွင် မော်တော် ယာဉ်များ တန်းစီဝယ်ယူရသည့် ဖြစ်စဉ်မှာ နှစ်ကြိမ်အထိဖြစ်ပွားခဲ့သဖြင့် ဆီပြတ်လပ် သည့်အခြေအနေများ ထပ်မံဖြစ်ပေါ်လာမည် လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

 

Most Read

Most Recent