မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း နှစ်ပတ်ဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်အများဆုံးစာရင်းတွင် ပူးတွဲစတုတ္ထဖြစ်လာ

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း နှစ်ပတ်ဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်အများဆုံးစာရင်းတွင် ပူးတွဲစတုတ္ထဖြစ်လာ
Photo: YouTube
Photo: YouTube
Published 2 September 2024

 

မန်စီးတီးအသင်းတိုက်စစ်မှူး အာလင်းဟာလန်းသည် ပရီးမီးယားလိဂ်နှစ်ပတ်ဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံး ကစားသမားစာရင်းတွင် ပူးတွဲစတုတ္ထနေရာ ရောက်ရှိလာကြောင်း သိရသည်။

သြဂုတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ် (၃) တွင် မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းအား အဝေး ကွင်း၌ (၁-၃) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး သုံးဂိုး စလုံးကို ဟာလန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဟာလန်းသည် ချယ်လ်ဆီးအသင်းနှင့် ရာသီအဖွင့်ပွဲစဉ်တွင် တစ်ဂိုး၊ အစ်ဝစ်ချ် အသင်းနှင့် ပွဲစဉ် (၂) တွင် သုံးဂိုး၊ ယခုပွဲစဉ် (၃)တွင် သုံးဂိုး၊ စုစုပေါင်း ခုနစ်ဂိုးအထိသွင်းယူထားနိုင်ပြီး သြဂုတ် ၃၁ ရက်ပွဲစဉ်များအပြီးတွင် မန်စီးတီးအသင်း (၉ ဂိုး) မှလွဲ၍ ကျန်ပြိုင်ဘက် ၁၉ သင်းမှာ ၎င်း၏သွင်းဂိုးထက် ပိုနည်းနေကြောင်း သိရသည်။

ထို့ပြင် ၎င်းအနေဖြင့် ၁၉၉၄-၁၉၉၅ ရာသီတွင် ပွဲစဉ် (၃) အပြီးမှာပင် ဟက်ထရစ် နှစ်ကြိမ်သွင်းယူနိုင်ခဲ့သည့် ပေါလ်ဂျီဝဲလ် (ဘရက်ဖို့ဒ်) နောက်ပိုင်း ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမားဖြစ်လာသလို ရာသီအဖွင့် သုံးပွဲကစားပြီးနောက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ဟာလန်းသည် ပရီးမီးယားလိဂ်တွင် နှစ်ပတ်ဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီက ပဲလေ့စ် (ပွဲစဉ် ၄)၊ နော်တင်ဟမ် (ပွဲစဉ် ၅) တို့နှင့်ပွဲတွင်လည်း သွင်းယူခဲ့ဖူးသည်။

"သူ့ (ဟာလန်း) အတွက် ပြောစရာ စကားလုံးတောင် မရှိပါဘူး။ သူ့ကို ပိုပိုပြီး ကောင်းတဲ့ ကစားသမားဖြစ်လာအောင် လုပ်ပေးဖို့က ၁၈ ကိုက်စည်းထဲမှာ သူ့ကို ဘောလုံးများများပေးရမှာပါ။ ကျွန်တော်တို့ အဲဒါကို လုပ်ရမယ်။ ကျွန်တော်တို့မှာ ရှိပြီးသားအရည်  အသွေးကို ထပ်ပြီးပေါင်းထည့်ရပါမယ်။ အသင်းတစ်သင်းဆိုတာ ဒါပါပဲ။ နောက်ကို ပြန်ပြေးရတဲ့အခါမှာလည်း ဘယ်သူလုပ်ရမလဲဆိုပြီး ဘယ်သူမှမမေးကြပါဘူး။ အားလုံး လုပ်ရမှာပါ။ အာလင်း အခုလိုလုပ်နေတာကို မြင်ရတာ အရမ်းကောင်းပါတယ်" ဟု နည်းပြ ဖြစ်သူ ဂွါဒီယိုလာက ချီးကျူးပြောကြားခဲ့သည်။

ဟာလန်း (၂၄ နှစ်) သည် မန်စီးတီး အသင်းအတွက် ပြိုင်ပွဲစုံတွင် ၁၁ ကြိမ်နှင့် ပရီးမီးယားလိဂ်တွင် ရှစ်ကြိမ်မြောက် ဟက် ထရစ်သွင်းယူနိုင်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးကစားသမား စာရင်းတွင် အွန်နရီ၊ ဟာရီကိန်း၊ မိုက်ကယ်အိုဝင်တို့နှင့်အတူ ပူးတွဲစတုတ္ထနေရာရောက်ရှိလာပြီဖြစ်သည်။ မန်စီးတီးအသင်းတိုက်စစ်မှူးဟောင်း အဂွဲရိုးက ၁၂ ကြိမ်ဖြင့် ဟက်ထရစ်အများဆုံး သွင်းယူထားပြီး အလန်ရှီးယားက ၁၁ ကြိမ်ဖြင့် ဒုတိယ၊ ရော်ဘီဖောင် လာက ကိုးကြိမ်ဖြင့် တတိယနေရာ ရပ်တည်နေသည်။ ဟာလန်းသည် ပရီးမီးယားလိဂ်တွင် ၆၉ ပွဲကစား၊ ဂိုး ၇၀ သွင်းယူထားသည်။

Most Read

Most Recent