နွေရာသီကာလတွင် ပရီးမီးယားလိဂ်ကလပ်များ ပေါင်နှစ်ဘီလျံကျော် အသုံးပြုခဲ့ပြီး နောက်ဆုံးနေ့တစ်ရက်တည်း ပေါင် ၁၇၈ သန်း သုံးစွဲ

နွေရာသီကာလတွင် ပရီးမီးယားလိဂ်ကလပ်များ ပေါင်နှစ်ဘီလျံကျော် အသုံးပြုခဲ့ပြီး နောက်ဆုံးနေ့တစ်ရက်တည်း ပေါင် ၁၇၈ သန်း သုံးစွဲ
Photos: X
Photos: X
Published 2 September 2024

 

ဥရောပလိဂ်ပြိုင်ပွဲများ၏ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလမှာ သြဂုတ် ၃၀ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်များက ပေါင်နှစ်ဘီလျံကျော် အသုံးပြုကာ ငွေသုံးစွဲမှုအများဆုံးလိဂ်အဖြစ် ထပ်မံဦးဆောင်နိုင်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ၂၀၂၄ နွေရာသီတွင် ပေါင် ၂ ဒသမ ၁ ဘီလျံ အသုံးပြုခဲ့ပြီး ပြီးခဲ့သည့်နှစ်က စံချိန်တင်ခဲ့သော ပေါင် ၂ ဒသမ ၄ ဘီလျံထက် လျော့နည်းသွားသည်။ သို့သော် ဥရောပထိပ်သီးလိဂ်ငါးခု အနက် ငွေသုံးစွဲမှုအများဆုံးအဖြစ် ထပ်မံဦးဆောင်နိုင်ခဲ့ပြီး အနီးဆုံးအဖြစ် ပေါင်တစ်ဘီလျံသုံးစွဲခဲ့သည့် စီးရီးအေပြိုင်ပွဲထက် နှစ်ဆပိုများနေဆဲဖြစ်သည်။ ၎င်းတို့ပြီးလျှင် လီဂူး-၁ ပြိုင်ပွဲက ပေါင် ၇၂၁ သန်း၊ ဘွန်ဒစ် လီဂါပြိုင်ပွဲက ပေါင် ၅၉၆ ဒသမ ၅ သန်း၊ လာလီဂါပြိုင်ပွဲက ပေါင် ၅၅၅ ဒသမ ၆ သန်းဖြင့် ရပ်တည်နေသည်။ ပရီးမီးယားလိဂ်ကလပ်များ၏ အသုံးစရိတ်မှာ ယခင်နှစ်ထက် လျော့ကျသွားသော်လည်း ကစားသမားရောင်းချမှု စံချိန်တင်ခဲ့ပြီး ပေါင် ၁ ဒသမ ၄၅ ဘီလျံ ပြန်လည်ရရှိခဲ့သည်။

ယခုနွေရာသီတွင် အသုံးစရိတ်အများဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် ချယ်လ်ဆီး အသင်းကပင် ပေါင် ၂၁၉ ဒသမ ၆ သန်းဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။ မန်ယူအသင်းက ပေါင် ၂၀၅ ဒသမ ၉ သန်းဖြင့် ဒုတိယ၊ ဘရိုက်တန်အသင်းက ပေါင် ၁၉၂ သန်းဖြင့် တတိယ၊ စပါးအသင်းက ပေါင် ၁၃၃ ဒသမ ၅ သန်းဖြင့် စတုတ္ထ၊ ဝက်စ်ဟမ်းအသင်းက ပေါင် ၁၃၂ ဒသမ ၅ သန်းဖြင့် ပဥ္စမ၊ ဗီလာ အသင်းက ပေါင် ၁၂၉ ဒသမ ၅ သန်း၊ တန်းတက်အစ်ဝစ်ချ်အသင်းက ပေါင် ၁၂၄ သန်းနှင့် ဆောက်သမ်တန်အသင်းက ပေါင် ၁၀၈ ဒသမ ၃ သန်း၊ အာဆင်နယ်အသင်းက ပေါင် ၁၀၁ ဒသမ ၅ သန်း အသုံးပြုခဲ့သည်။ ထူးခြားမှုအဖြစ် နောက်ဆုံးလေးရာသီဆက်ချန်ပီယံ မန်စီးတီးအသင်းမှာ ပေါင် ၃၃ ဒသမ ၆ သန်း ဖြင့် အသုံးစရိတ်အနည်းဆုံးအဖြစ် ရပ်တည်ခဲ့ပြီး လီဗာပူးလ်အသင်းက ပေါင် ၄၁ ဒသမ ၅ သန်းဖြင့် ဒုတိယ၊ နယူးကာဆယ်အသင်းက ပေါင် ၄၃ သန်းဖြင့် တတိယ၊ အဲဗာတန်အသင်း က ပေါင် ၄၆ သန်းဖြင့် စတုတ္ထ၊ ဝုလ်ဗ်အသင်းက ပေါင် ၅၃ ဒသမ ၃ သန်းဖြင့် ပဥ္စမနေရာ ရပ်တည်ခဲ့သည်။

အသားတင်အသုံးစရိတ်အများဆုံးအဖြစ် ထိပ်တန်းကလပ်များကိုကျော်ဖြတ်၍ ဘရိုက်တန်အသင်းက ပေါင် ၁၅၁ ဒသမ ၅ သန်းဖြင့် ရပ်တည်ခဲ့သည်။ ဘရိုက်တန်အသင်းသည် ကစားသမားခေါ်ယူမှုအတွက် ပေါင် ၁၉၂ သန်း အသုံးပြုပြီး ကစားသမားရောင်းချမှု မှ ပေါင် ၄၀ ဒသမ ၅ သန်းသာ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ တန်းတက်အစ်ဝစ်ချ်အသင်းက ပေါင် ၁၂၃ သန်းဖြင့် ဒုတိယ၊ မန်ယူအသင်းက ပေါင် ၁၁၁ ဒသမ ၂ သန်းဖြင့် တတိယ၊ ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၁၀၀ ဖြင့် စတုတ္ထ၊ စပါးအသင်းက ပေါင် ၇၀ ဒသမ ၆ သန်းဖြင့် ပဥ္စမနေရာ ရပ်တည်ခဲ့သည်။

မန်စီးတီးအသင်းသည် ငွေသုံးစွဲမှု အနည်းဆုံးဖြစ်ခဲ့သလို ကစားသမားရောင်းချမှုမှ ပေါင် ၁၄၆ ဒသမ ၉ သန်းအထိ ပြန်လည်ရရှိခဲ့သောကြောင့် အသားတင်အမြတ် ပေါင် ၁၁၃ ဒသမ ၃ သန်းဖြင့် အများဆုံးရရှိခဲ့သည်။ အသင်း ၂၀ အနက် အမြတ်ရရှိသည့်ကလပ် ခုနစ်သင်းရှိပြီး ဝုလ်ဗ်အသင်းက ပေါင် ၄၀ ဒသမ ၇ သန်း၊ အဲဗာတန်အသင်းက ပေါင် ၂၄ ဒသမ ၂ သန်း၊ ပဲလေ့စ်အသင်းက ပေါင် ၂၂ ဒသမ ၃ သန်း၊ နယူးကာဆယ်အသင်းက ပေါင် ၂၂ သန်း၊ လီဗာပူးလ်အသင်းက ပေါင် ၂၁ သန်း၊ ဗီလာအသင်းက ပေါင် ၆ ဒသမ ၉ သန်း ရရှိခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ပေါင် ၁၇၈ ဒသမ ၈ သန်း အသုံးပြုခဲ့ပြီး ယင်းပမာဏမှာ ၂၀၂၃ ခုနှစ်တွင် ပေါင် ၂၁၁ သန်း၊ ၂၀၂၂ ခုနှစ်တွင် ပေါင် ၁၇၉ ဒသမ ၅ သန်း အသုံးပြုခဲ့ပြီးနောက်ပိုင်း နောက်ဆုံးကိုးနှစ် အတွင်း တတိယမြောက် သုံးစွဲမှုအများဆုံး ဖြစ်ခဲ့သည်။

Most Read

Most Recent