စီရော်နယ်လ်ဒိုကဲ့သို့ပင် ဘာပေ၏ ရီးယဲလ်ကစားသမားဘဝမိတ်ဆက်ပွဲ အခမ်းအနားသို့ စံချိန်တင်ပရိသတ် (၈၀၀၀၀)ကျော်တက်ရောက်မည်

စီရော်နယ်လ်ဒိုကဲ့သို့ပင် ဘာပေ၏ ရီးယဲလ်ကစားသမားဘဝမိတ်ဆက်ပွဲ အခမ်းအနားသို့ စံချိန်တင်ပရိသတ် (၈၀၀၀၀)ကျော်တက်ရောက်မည်
Photo: Marca
Photo: Marca
Published 4 July 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အသင်း၏ကစားသမားသစ်ဖြစ်သည့် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူးဘာပေအား တရားမိတ်ဆက်မှုပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအခမ်းအနားအား ဂန္ထဝင်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒို မိတ်ဆက်ပွဲကဲ့သို့ပင် ပရိသတ် (၈၀၀၀၀) ကျော်တက်ရောက်မည်ဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ဇွန် (၃)ရက်နေ့က PSG အသင်းမှ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေကိုခေါ်ယူခဲ့ကြောင်းအတည်ပြုကြေညာခဲ့ပြီး ၂၀၂၉ နွေရာသီအထိသက်တမ်းရှိမည့် (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် အသက် (၂၅)နှစ်အရွယ် ဘာပေအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအကြီးဆုံး အလွတ်အပြောင်းအရွှေ့အဖြစ်မှတ်တမ်းဝင်ခဲ့သည်။

ရီးယဲလ်အသင်းသည် ဘာပေအား လွန်ခဲ့သည့် (၃)နှစ်ခန့်ကတည်းက ကာလရှည်ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ဘာပေကိုယ်တိုင်မှာလည်း ရီးယဲလ်အသင်းထံပြောင်းရွှေ့လိုသည့်အတွက် PSG အသင်း၏စာချုပ်သစ်ကမ်းလှမ်းမှုကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ကစားသမားသစ် ဘာပေ၏ မိတ်ဆက်ပွဲအခမ်းအနားကို ယူရို-၂၀၂၄ ဗိုလ်လုပွဲအပြီး (၁)ရက်အကြာ ဇူလိုင် (၁၆) ရက်နေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် ဘာနေဗျူးကွင်း၌ပြုလုပ်သွားမည်ဖြစ်ပြီး စီရော်နယ်လ်ဒိုကဲ့သို့ပင် ပရိသတ် (၈၀၀၀၀)ကျော်ရှေ့၌ တရားဝင်မိတ်ဆက်ကြေညာသွားရန် စီစဉ်ထားကြောင်းသိရသည်။

ရီးယဲလ်အသင်းသည် ဘာပေ၏ မိတ်ဆက်ပွဲအခမ်းအနားအား ၎င်း၏ကစားသမားဘဝ စံပြပုဂ္ဂိုလ်ဖြစ်သည့် စီရော်နယ်လ်ဒိုကဲ့သို့ပင် ဘာနေဗျူးကွင်းထဲသို့ စင်မြင့်ပေါ်မှတစ်ဆင့်ဝင်ရောက်လာစေပြီး တိုက်ရိုက်တေးဂီတအစီအစဉ်များ၊ အထူးပြင်ဆင်ထားမှုများနှင့် ကြိုဆိုမည်ဖြစ်ကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လွန်ခဲ့သော  (၁၅)နှစ် ၂၀၀၉ခုနှစ်၊ ဇူလိုင် (၆)ရက်နေ့က မန်ယူအသင်းမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀)ဖြင့်ခေါ်ယူခဲ့သည့် ပေါ်တူဂီတောင်ပံကစားသမား စီရော်နယ်လ်ဒိုအား ဘာနေဗျူးကွင်းအတွင်း မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ပရိသတ် (၈၀၀၀၀) ကျော်လာရောက်ကာ ဘောလုံးသမိုင်းတစ်လျှောက် ပရိသတ်အများဆုံးကစားသမားမိတ်ဆက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် ယခုဘာပေ၏မိတ်ဆက်ပွဲတွင်လည်း ယင်းကဲ့သို့ ပရိသတ်များလာရောက်ရန် အစီအစဉ်များစွာပြုလုပ်ထားပြီး အခမ်းနားဆုံးဖြစ်လာရန်မျှော်လင့်နေကြောင်းသိရသည်။

ထို့ပြင် ဘာပေသည် စီရော်နယ်လ်ဒိုကဲ့သို့ပင် ရီးယဲလ်အသင်းနှင့် ပထမဆုံးရာသီ၌ ကျောနံပါတ် (၉)အားဦးစွာဝတ်ဆင်သွားမည်ဖြစ်ပြီး ကွင်းလယ်လူမိုဒရစ်အနားယူမည့် ၂၀၂၅-၂၆ ရာသီမှသာ ၎င်း၏စိတ်ကြိုက်နံပါတ် (၁၀)ကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းကိုရောက်စဉ်က ၎င်း၏စိတ်ကြိုက်နံပါတ် (၇)မှာ ၀ါရင့်တိုက်စစ်မှူးရာအူးလ် ဝတ်ဆင်နေသည့်အတွက် ရီးယဲလ်ကစားသမားဘဝပထမဆုံးရာသီတွင် ကျောနံပါတ် (၉)ကို ယာယီဝတ်ဆင်ခဲ့ကြောင်း Football Espana ကဖော်ပြခဲ့သည်။

Most Read

Most Recent