နှုတ်ဆက်ပွဲအခမ်းအနားတွင် ၎င်း၏အမည်ကို သီချင်းလုပ်ဆိုခဲ့သည့် လီဗာပူးလ်ပရိသတ်များကြောင့် နည်းပြဟောင်း ယာဂန်ကလော့ပ် မျက်ရည်ကျခဲ့

နှုတ်ဆက်ပွဲအခမ်းအနားတွင် ၎င်း၏အမည်ကို သီချင်းလုပ်ဆိုခဲ့သည့် လီဗာပူးလ်ပရိသတ်များကြောင့် နည်းပြဟောင်း ယာဂန်ကလော့ပ် မျက်ရည်ကျခဲ့
Photo: Premier League
Photo: Premier League
Published 30 May 2024

လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်သည် ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် နှုတ်ဆက်ပွဲအခမ်းအနားတွင် ၎င်း၏အမည်ကို သီချင်းလုပ်ဆိုခဲ့သည့် လီဗာပူးလ်ပရိသတ်များကြောင့် မျက်ရည်ကျခဲ့ရကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် အသင်းကို (၉) နှစ်နီးပါး ကိုင်တွယ်ခဲ့ပြီး ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲသည့် ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်၏ နှုတ်ဆက်ပွဲကို မေလ (၂၈) ရက်က လီဗာပူးလ်မြို့ရှိ M&S Arena တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကလော့ပ်၏နှုတ်ဆက်ပွဲကို လီဗာပူးလ်အသင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဝင်ကြေးအဖြစ် လက်မှတ်တစ်စောင်လျှင် (၃၇)ပေါင် ကောက်ခံခဲ့ကြောင်း သိရှိရသည်။

ယင်းအခမ်းအနားကို ဟာသသရုပ်ဆောင် ဂျွန်ဘစ်ရှောက Host အဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာကျော်များဖြစ်သည့် ဒန်နီရယ်ခရိတ်ခ်၊ တာဗာနိုအာ၊ ပင်ဘလက်နှင့် ဝီလ်အာနက်စ်တို့က ကလော့ပ်ကို ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် ကလော့ပ်သည် အမေးအဖြေများ ပြုလုပ်ခဲ့သလို၊ ၂၀၁၅ ခုနှစ်တွင် လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့ခြင်းမှာ ဇနီးဖြစ်သူ အူလာကို လက်ထက်ပြီးနောက် ၎င်း၏ဘဝတွင် ဒုတိယအကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က ၎င်း၏နေရာကို ဆက်ခံမည့် လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့နှင့်လည်း စကားပြောဆိုပြီးဖြစ်ကြောင်းနှင့် ဆလော့သည် နည်းပြကောင်းတစ်ဦးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကလော့ပ်၏ နှုတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည့် လီဗာပူးလ်ပရိသတ်များသည် ၎င်း၏အမည်ကို သီချင်းလုပ်သီဆိုခဲ့ကြရာ ကလော့ပ်သည် အဆိုပါသီဆိုမှုကို ကြားပြီးနောက် မျက်ရည်ကျခဲ့ကြောင်း သိရှိရသည်။

ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး ယခုရာသီကုန်တွင် အသင်းနှင့် လမ်းခွဲခြင်းဖြစ်သည်။

ကလော့ပ်သည် လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့သည့် (၉)နှစ်နီးပါးအတွင်း ပရီးမီးယားလိဂ်အပါအဝင် ဆုဖလား (၈) လုံး ရယူပေးခဲ့သည်။ 

Most Read

Most Recent