မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့်ရောင်းချနေသော စားအုန်းဆီကို တန်းစီဝယ်ယူနေသည့် ပြည်သူများအား ယခင်လပိုင်းများက တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း)
“အမှန်အတိုင်းပြောရရင် တစ်နေ့ တစ် နေ့ စျေးတောင် မသွားချင်တော့ဘူး”
ထိုစကားကို အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
“အခုဆို ပိုက်ဆံတစ်သောင်းကိုင်ပြီး စျေးသွားလည်း ဘာမှလောက်လောက်လားလား ဝယ်လို့ကို မရတော့တာ။ ပြောရရင် ပိုက်ဆံ တစ်ထောင်က အကြွေလို ဖြစ်သွားပြီ။ တရုတ်ကန်စွန်းရွက် တစ်စည်းတောင် တစ်ထောင်၊ ထောင့်နှစ်ရာဆိုတော့ စဉ်းစားကြည့် လေ။ စျေးဝယ်ရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူး”ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီး သုံးနှစ်ခွဲကျော်အတွင်း မီးဖို ချောင်ကုန်ကျစရိတ်က တစ်ရှိန်ထိုးမြင့်တက် နေသဖြင့် ဝင်ငွေနှင့် ထွက်ငွေ မမျှတမှုဒဏ်ကို အိမ်ရှင်မများ ရင်ဆိုင်နေရသည်။
စစ်တမ်းများအရ နိုင်ငံရေးအပြောင်း အလဲဖြစ်သည့် သုံးနှစ်ခွဲအတွင်းမှာတင် ကုန် စျေးနှုန်းက သုံးဆကျော် မြင့်တက်လာပြီး နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီ ကာလများ နှင့် ယှဉ်ကြည့်လျှင် ကုန်စျေးနှုန်းက ခြောက် ဆ၊ ခုနစ်ဆခန့် ခုန်တက်လာခြင်းလည်း ဖြစ်သည်။
ထိုသို့ အိမ်မီးဖိုချောင် ကုန်ကျစရိတ်များ မြင့်တက်လာသည့်အတွက် ဝင်ငွေနည်း အခြေခံလူတန်းစား အိမ်ရှင်မများအနေဖြင့် ခြိုးခြံချွေတာပြီး စျေးဝယ်သော်လည်း မည် သို့မျှ မလောက်ငသည့် အခြေအနေသို့ ဆိုက် ရောက်နေခြင်းလည်း ဖြစ်သည်။
“အခုဟာက ဘာဖြစ်ဖြစ် အတက်ချည်း ပဲ။ စျေးမတက်တဲ့ ပစ္စည်းဆိုတာ မရှိဘူး။ အရင်က ကုန်စျေးနှုန်းတက်တယ်ဆိုတာ တအိအိနဲ့ တက်တာ။ အခုတက်တာက ခုန် ခုန်ပြီး တက်နေတာ။ လိုက်လို့ကို မမီတော့ ဘူး”ဟု ကုမ္ပဏီဝန်ထမ်း အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မီးဖိုချောင်၌ မရှိမဖြစ် ဖြစ် သည့် ဆန်နှင့် ဆီမှာ နိုင်ငံရေးအပြောင်းအလဲ သုံးနှစ်ခွဲအတွင်း သိသိသာသာမြင့်တက်ခဲ့ သည်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ် ခွဲအတွင်း ဆန်စျေးနှုန်းက သုံးဆနီးပါးတက် လာခဲ့သည်။
နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်အ ချိန်က ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာ ရှိသော်လည်း လက်ရှိ တွင် ဆန်ကြမ်း တစ်ပြည်လျှင် ကျပ် ၄၀၀၀ ဝန်းကျင် ရှိနေသည်။
ထို့အတူ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီအချိန်က ဆန်ချောတစ်ပြည်ကို ကျပ် ၂၀၀၀ နှင့် ၂၅၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် ဆန်ချော (ရွှေဘိုပေါ်ဆန်း) တစ် ပြည်လျှင် ကျပ် ၈၀၀၀ ဝန်းကျင် ရှိနေသည်။
ယခုနှစ်အတွင်း ပြည်တွင်းဆန်စျေးနှုန်း အဆမတန်မြင့်တက်လာမှုကြောင့် နစကçက ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များကို ဖမ်းဆီးအရေးယူခြင်းများအပြင် ဆန်စက်နှင့် ဂိုဒေါင်ပွဲရုံများကိုလည်း ချိပ်ပိတ်မှုများ လုပ် ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ပြီးနောက်ပိုင်းတွင် လက်လီစျေးကွက်အတွင်း သင့်တင့်ရည်ညွှန်း စျေးနှင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း အပါအဝင် ဧည့်မထဆန်များကိုလည်း ရောင်း ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧည့်မထ၊ ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ် ဆန်း စသည့် ဆန်များကို စျေးသက်သက်သာ သာနှင့် လအလိုက်ရည်ညွှန်းစျေးများသတ်မှတ်ပြီး ရောင်းချပေးနေကြောင်း ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် လအလိုက် သတ်မှတ်ထားသည့် ရည်ညွှန်းစျေးထက် ရှစ်ရာခိုင်နှုန်းထက် ပိုပြီး မရောင်းချရန် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ထုတ်ပြန်ထားသည်။
သို့သော် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ရောင်းချသည့် ရည်ညွှန်းစျေးနှင့် အပြင်စျေးသည် ကွာဟနေသေးကြောင်း အိမ်ရှင်မများက ဆိုသည်။
“ဆန်စျေးက တက်တာပေါ့။ အရင်ကဆို ဆန်ကြမ်းတစ်ပြည် တစ်ထောင်၊ ထောင့်ငါးရာ အလွန်ဆုံးပဲ။ အခုဟာက ဆန်ကြမ်းတစ်ပြည် တောင် လေးထောင်လောက် ဖြစ်နေတာ။ ရွှေဘိုပေါ်ဆန်းကတော့ အနားတောင် မကပ် နိုင်တော့ဘူး။ တစ်ပြည်ကို ရှစ်ထောင်လောက် ရှိနေပြီ”ဟု အိမ်ရှင်မတစ်ဦးက ပြောကြား သည်။
ဆန်ကဲ့သို့ပင် စားဆီမှာလည်း ထိုနည်း လည်းကောင်းပင်။ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်အချိန်က စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၁၈၀၀ နှင့် ၂၀၀၀ ကြားဝန်းကျင်သာ ရှိသော်လည်း လက်ရှိပြင်ပစျေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ အထိ ဖြစ်လာ သည့်အတွက် သုံးနှစ်ခွဲအတွင်း ရှစ်ဆခန့် စျေးမြင့်တက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းက သတ်မှတ်ထားသည့် ရန် ကုန်အထိုင် လက်ကားရည်ညွှန်းစျေးနှုန်းပင် လျှင် စားသုံးဆီတစ်ပိဿာကို ကျပ် ၆၀၀၀ ကျော် ရှိနေသည်။
၂၀၂၃ ခုနှစ်အတွင်းက စားသုံးဆီတစ် ပိဿာကို အမြင့်ဆုံး ကျပ် ၉၀၀၀ သာရှိခဲ့ပြီး ယခုနှစ်တွင် စားသုံးဆီတစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ အထိဖြစ်လာသဖြင့် တစ်နှစ်အတွင်း ကျပ် ၆၀၀၀ အထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။
ထို့ပြင် ယခုနှစ် ဇူလိုင်လအတွင်း ပဲဆီ တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်ရှိရာမှ သြဂုတ် လတွင် ၂၄၀၀၀ ကျပ်သို့ တက်သွားသည်။ တစ်လအတွင်း ၅၀၀၀ ကျပ်တက်လာ သည်။
နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီ ၂၀၂၀ ပြည့်နှစ်က ပဲဆီတစ်ပါဿာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်သာရှိခဲ့သည့်အတွက် သုံးနှစ်ခွဲ အတွင်း သုံးဆကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းတွင် စားသုံးဆီလို သလောက် ဝယ်ယူ၍ မရသည့်အခြေအနေ ဖြစ်နေပြီး ရပ်ကွက်များအတွင်း၌ လူတစ်ဦး လျှင် ၂၀ ကျပ်သားမှ ၅၀ ကျပ်သားအထိ တန်းစီစနစ်ဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရောင်းချပေး နေသည်။
“ရပ်ကွက်ထဲမှာ ကတ်ဝေပြီး ကားနဲ့လာ ရောင်းတယ်ဆိုတာလည်း အချိန်ပေးပြီး တန်း စီနိုင်မှရတာ။ ကျွန်မတို့လို အလုပ်ရှိတဲ့လူက ဘယ်လိုလုပ် အချိန်ပေးနိုင်မှာလဲ။ အလုပ်က မနက်သွား ညနေမှ ပြန်ရတာဆိုတော့ သူတို့ ပေးတာကိုလည်း တန်းစီပြီး မဝယ်နိုင်ပါဘူး။ ဒီလိုပဲ အပြင်ကနေ ဝယ်စားရတာပေါ့” ဟု စက်ရုံဝန်ထမ်းအိမ်ရှင်မတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ သတ်မှတ်အရောင်းဆိုင် များတွင် အိမ်ထောင်စုတစ်စုလျှင် ဆီ ၅၀ ကျပ်သား တစ်ဘူးကို ကျပ် ၃၅၀၀ ဝန်းကျင်နှင့် ရောင်းချပေးနေသော်လည်း တန်းစီဝယ်ယူသူ များသောကြောင့် ပမာဏအကန့်အသတ် နှင့်သာ ရောင်းချနေခြင်းဖြစ်ကြောင်း ဆီ သွားဝယ်သူ အိမ်ရှင်မများထံမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းအနေဖြင့် door to door စနစ် “ရန်ကုန်တိုင်းဒေသကြီး စားအုန်း ဆီအိမ်တိုင်ရာ ရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ” က စားသုံးဆီများကို ရောင်းချပေး လျက်ရှိသည်။
ဆန်နှင့်ဆီ စျေးတက်နေသည့်အပြင် အခြား မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးအပါဝင် ကြက်ဥ ဘဲဥစျေးနှင့် အသားငါး၊ ဟင်းသီးဟင်း ရွက်စျေးကလည်း အဆမတန်စျေးမြင့်တက် လာသဖြင့် နေ့စဉ်စျေးဝယ်နေရသည့် အိမ် ရှင်မများမှာ ညည်းတွားနေရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ပါ။
နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီ ၂၀၂၀ ပြည့်နှစ်က ကြက်သွန်ဖြူ တစ်ဆယ်သားကို ၆၀၀ ကျပ်ဝန်းကျင်သာရှိပြီး ယခုနှစ် သြဂုတ် လတွင် ကြက်သွန်ဖြူ တစ်ဆယ်သားကို ကျပ် ၂၅၀၀ ရှိလာသဖြင့် သုံးနှစ်ခွဲအတွင်း လေးဆ ခုန် တက်သွားခဲ့သည်။
အာလူးစျေးမှာလည်း နိုင်ငံရေးအ ပြောင်းအလဲ မဖြစ်ခင်တုန်းက တစ်ပိဿာကို ကျပ် ၁၅၀၀ နှင့် ၂၀၀၀ ကြားတွင်သာရှိပြီး ယခုနှစ် ဇူလိုင်လတွင် အာလူးတစ်ပိဿာကို ကျပ် ၇၅၀၀ အထိ စျေးတက်ခဲ့သည့်အတွက် သုံးဆကျော်မြင့်တက်လာသည်။
ထို့ပြင် ကြက်ဥ၊ ဘဲဥစျေးနှုန်းမှာလည်း နိုင်ငံရေးအပြောင်းအလဲမဖြစ်မီက ကြက်ဥ တစ်လုံးလျှင် ကျပ် ၁၅၀ မှ ၂၀၀ ကြားတွင်ရှိပြီး ဘဲဥတစ်လုံးလျှင် ကျပ် ၂၀၀ မှ ၂၅၀ ကြား တွင်သာ ရှိခဲ့သည်။ သို့သော် နိုင်ငံရေးအ ပြောင်းအလဲ ဖြစ်ပြီး သုံးနှစ်ခွဲအတွင်း ကြက်ဥ တစ်လုံးလျှင် ကျပ် ၄၀၀ မှ ၅၀၀ ကြားတွင် လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် ကျပ် ၆၀၀ မှ ၇၀၀ ကြားတွင်လည်းကောင်း အသီးသီး စျေးနှုန်းမြင့်ခဲ့သည်။
နိုင်ငံရေးအပြောင်းအလဲမဖြစ်မီက ကန်စွန်းရွက်တစ်စည်းလျှင် ကျပ် ၃၀၀ သာရှိ ပြီး သုံးနှစ်ခွဲအကြာတွင် ကန်စွန်းရွက်တစ် စည်းလျှင် ကျပ် ၁၀၀၀ မှ ၁၂၀၀ ပေး၍ ဝယ် နေရကြောင်း အိမ်ရှင်မများက ဆိုသည်။
အသားစျေးနှုန်းများကလည်း တက်နေ ဆဲပင်ဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီအချိန်က ဝက်သား၊ ကြက်သားစျေးမှာ တစ်ပိဿာလျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀ ကြား တွင်သာ ရှိသော်လည်း သုံးနှစ်ခွဲအကြာတွင် ကြက်သား တစ်ပိဿာ ကျပ် ၁၃၀၀၀ နှင့် ဝက်သားတစ်ပိဿာ ကျပ် ၂၀၀၀၀ အထိ စျေးတက်လာသည်။
လက်ရှိတွင် ကုန်စျေးနှုန်းများ အဆ မတန်မြင့်တက်လာခြင်းကြောင့် ငါးပိရည် သည် ဝင်ငွေနည်းအခြေခံလူတန်းစားများအတွက် အဓိကပင်တိုင်ဟင်း ဖြစ်လာကြောင်း အိမ်ရှင်မအချို့က ဆိုကြသည်။
“အဆောင်ဖိုး၊ ရေဖိုး၊ မီးဖိုးနဲ့ တစ်လစာ ဆန်ဖိုး၊ ဟင်းဖိုး တွက်ကြည့်ရင် လစာက ပိုဖို့ မပြောနဲ့ မနည်းလောက်ငအောင် ခြိုးခြံချွေ တာပြီး စားနေရတဲ့ဘဝ ရောက်လာတယ်” ဟု အထည်ချုပ်အလုပ်သမ အိမ်ရှင်မတစ်ဦး က ပြောကြားသည်။
ယုတ်စွအဆုံး နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီက ကျပ် ၁၀၀ တန် ကော်ဖီမစ်တစ် ထုပ်ကို သုံးနှစ်ခွဲအကြာတွင် ကော်ဖီမစ်တစ် ထုပ်လျှင် ၅၀၀-၆၀၀ ကျပ်ဖြင့် ဝယ်သောက် နေရသည်။
မီးဖိုချောင်ကုန်ကျစရိတ် မြင့်တက်လာ ခြင်းကြောင့် အပြင်မှ မုန့်ပဲသရေစာများကို ပင် ဝယ်စားရန် မဖြစ်နိုင်တော့ကြောင်း အိမ် ရှင်မများက ဆိုသည်။
“အရင်ကဆို မနက်စာကို လက်ဖက်ရည် ဆိုင်မှာ မိသားစုလိုက် သွားစားကြတာ များ တယ်။ အခုနောက်ပိုင်း လက်ဖက်ရည်ဆိုင် မှာတောင် မနက်စာသွားမစားနိုင်တော့ဘူး။ မိသားစု သုံးလေးယောက်လောက် သွားစား ရင် အနည်းဆုံး တစ်သောင်းကျော် နှစ် သောင်းလောက် ကုန်တော့ သွားမစားတော့ ဘူး။ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် လုပ်စား တယ်”ဟု လမ်းမတော်မြို့နယ်က အိမ်ရှင်မ တစ်ဦးက ပြောကြားသည်။
၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက် တွင် မြန်မာ့စီး ပွားရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာ တစ်စောင်ကို ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ သည်။
လက်ရှိတွင် ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများ ဆက်လက်မြင့်တက် နေဖွယ်ရှိသောကြောင့် ဆင်းရဲမှုအခြေအနေ မှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားနေ မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ဝင်ငွေကျဆင်းမှုနှင့် အိမ်ထောင်စုများ အသုံးစရိတ်ချွေတာရမှုများကလည်း စားသုံး မှုနှင့် လက်လီ ရောင်းဝယ်ဖောက်ကားရေး အတွက် အတားအဆီးဖြစ်စေသည်ဟု ကမ္ဘာ့ ဘဏ်က ဆိုသည်။
၂၀၂၄ ခုနှစ်အစတွင် နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ရောက်ရှိလာကြောင်း ကမ္ဘာ့ ဘဏ်က ပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ ပြည်သူ ၁၇ သန်းကျော်မှာ ဆင်းရဲနွမ်းပါးသည့် အခြေ အနေသို့ ရောက်ရှိသွားကြောင်း နားလည်ရ သည်။ ကျန်သုံးပုံတစ်ပုံသော လူဦးရေသည် လည်း ဆင်းရဲသည့်အခြေအနေသို့ ကျ ရောက်နိုင်ခြေ မြင့်မားနေကြောင်း ကမ္ဘာ့ ဘဏ်က ဆိုသည်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ စီးပွားရေး လုပ်ငန်းများအပေါ် ဆက်လက်ဖိစီးနေ မည်ဖြစ်ကြောင်း၊ အဆိုပါဖိအားများက အိမ်ထောင်စုများအပေါ် အကျပ်အတည်းများ ဆက်လက် တွေ့နိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် အိမ်ထောင်စု များအနေဖြင့် ၎င်းင်းတို့၏ ဝယ်လိုအား၊ သုံးစွဲ နိုင်အားများ ကျဆင်းသွားကြောင်း ကမ္ဘာ့ ဘဏ်က ထုတ်ပြန်သည်။
အထူးသဖြင့် လုပ်သားအင်အား ပြတ် တောက်မှု၊ လုပ်သားအင်အား လျော့နည်းလာ မှုနှင့် လုပ်အားခဝင်ငွေများ ကျဆင်းလာမှုတို့ က အိမ်ထောင်စုများအပေါ် ဆက်လက်သက် ရောက်နေမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့့ ဘဏ်က ဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်း ရဲမွဲတေမှုမျဉ်းအောက် ရောက်သွားပြီး ၂၀၂၅ ခုနှစ်အထိ ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။
အသက်မွေးမှု စီးပွားရေးလုပ်ငန်းများ အပေါ် သက်ရောက်မှု ပိုမိုနက်နဲလာသည့် အတွက် မြန်မာ့စီးပွားရေးမှာလည်း ဆက် လက်အားနည်းနေမည်ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က ထောက်ပြထားသည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ် ခွဲအတွင်း ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ ငွေ ကြေးဖောင်းပွခြင်းနှင့် ကုန်စျေးနှုန်း တစ် ဟုန်ထိုးကြီးမြင့်လာသဖြင့် အခြေခံလူတန်း စားအများစုမှာ စားဝတ်နေရေးအတွက် ပိုပြီး ရုန်းကန်နေရသည်။
လက်ရှိတွင် နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ လစာကို အပိုထောက်ပံ့ကြေးအဖြစ် ကျပ် တစ်ထောင် ထပ်မံခံစားခွင့်ပြုခဲ့သဖြင့် တစ် လလျှင် ကျပ်သုံးသောင်း တိုးမြှင့်ပေးလိုက် သည်။
ထိုသို့ တစ်လလျှင် ကျပ်သုံးသောင်း တိုး မြှင့်ခံစားခွင့်ပြုလိုက်သော်လည်း ကုန်စျေးနှုန်း က အဆမတန်တက်လာသဖြင့် မည်သို့မျှ မကာမိကြောင်း အိမ်ရှင်မများက ဆိုသည်။
“သုံးသောင်းတိုးပြီး ကုန်စျေးနှုန်းက သုံးသောင်းမက တက်နေတော့ ဝင်ငွေနဲ့ ထွက်ငွေက ဘယ်လိုမှ မကာမိဘူး”ဟု ကျန်း မာရေးဝန်ထမ်း အိမ်ရှင်မတစ်ဦးက ပြောကြား သည်။