စာချုပ်သစ်အကြောင်း မည်သူမျှမပြောသေးကြောင်းနှင့် လီဗာပူးလ်အသင်းတွင် နောက်ဆုံးရာသီအဖြစ် ကစားသွားမည်ဟု ဆာလာ ဖွင့်ဟ

စာချုပ်သစ်အကြောင်း မည်သူမျှမပြောသေးကြောင်းနှင့် လီဗာပူးလ်အသင်းတွင် နောက်ဆုံးရာသီအဖြစ် ကစားသွားမည်ဟု ဆာလာ ဖွင့်ဟ
Photo: AFP
Photo: AFP
Published 3 September 2024

လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက စာချုပ်သစ်ကိစ္စကို မည်သူမျှမပြောသေးကြောင်းနှင့် နောက်ဆုံးရာသီအဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဆာလာ (၃၂ နှစ်) နှင့် လီဗာပူးလ်အသင်း၏ စာချုပ်မှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။

စက်တင်ဘာ (၁)ရက်က မန်ယူအသင်းနှင့်ပွဲအပြီး Sky Sports သတင်းဌာနနှင့် တွေ့ဆုံစဉ် စာချုပ်သစ်ကိစ္စနှင့်ပတ်သက်၍ ၎င်းက ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

'' ကောင်းမွန်တဲ့ နွေရာသီတစ်ခု ကျွန်တော် ရခဲ့ပါတယ်။ အကောင်းမြင်စိတ်ရှိဖို့နဲ့ ကိုယ့်ဘာသာအတူရှိနေဖို့ အချိန်အတော်ကြာ ရခဲ့ပါတယ်။ ဒါက အသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ်ဆိုတာ ခင်ဗျားသိပါတယ်။ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ချင်တယ်။ အဲဒီအကြောင်း မစဉ်းစားချင်ဘူး။ ဘောလုံးကစားရတာ လွတ်လွတ်လပ်လပ်ရှိတယ်လို့ ကျွန်တော် ခံစားရတယ်။ လာမယ့်နှစ်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ဒီပွဲကိုလာတုန်းက ' ကြည့်ထားလိုက်၊ ဒါက နောက်ဆုံးအကြိမ်ဖြစ်နိုင်တယ်' လို့ ကျွန်တော် ပြောခဲ့တယ်။ အသင်းမှာရှိတဲ့ ဘယ်သူကမှ စာချုပ်အကြောင်း ကျွန်တော့်ကို မပြောသေးပါဘူး။ ဒါကြောင့် ကျွန်တော်ကလည်း ကိုယ့်ရဲ့နောက်ဆုံးရာသီအဖြစ် ကစားသွားမှာပါ။ ရာသီကုန်မှာ စောင့်ကြည့်ကြတာပေါ့။ ဒါက ကျွန်တော်နဲ့ မဆိုင်ပါဘူး'' ဟု ဆာလာက ဆိုသည်။

ဆာလာသည် မန်ယူအသင်းနှင့်ပွဲတွင် ခြေစွမ်းပြကစားကာ ကိုယ်တိုင်တစ်ဂိုးသွင်းယူ၍ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့သည်။

သို့ဖြစ်ရာ ၎င်းအနေဖြင့် မန်ယူအသင်းနှင့် ကစားရသည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် (၁၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၆)ကြိမ်ရှိလာပြီး ဂိုးပါဝင်ပတ်သက်မှုအများဆုံး ကစားသမားဖြစ်လာသည်။

ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားသည့် ပြိုင်ပွဲစုံ (၉)ပွဲတွင် (၁၀)ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသင်းတစ်သင်းအား အဝေးကွင်း၌ ဂိုးအများဆုံးသွင်းယူထားနိုင်သည့် အလန်ရှီးယား၏ (လိဒ်စ်အသင်း၏ Elland Road ကွင်း၌ ၁၀ ဂိုး) စံချိန်နှင့် တူညီသွားပြီဖြစ်သလို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ပရီးမီးယားလိဂ် (၅)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

စာချုပ်သစ်ကိစ္စနှင့်ပတ်သက်၍ ဆာလာ၏ မှတ်ချက်စကားအပေါ် လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က '' ဖြစ်နိုင်ခြေတွေက အများကြီးပါ။ ဒီအချိန်မှာ သူက ကျွန်တော်တို့ထဲက တစ်ယောက်ပါပဲ။ သူက ကျွန်တော်တို့ထဲက တစ်ယောက်ဖြစ်နေလို့ တကယ်ဝမ်းသာပါတယ်။ သူကစားတာလည်း အရမ်းကောင်းပါတယ်။ ကစားသမားတွေရဲ့ စာချုပ်အကြောင်း ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ပွဲမှာ မို (ဆာလာ) ဘယ်လိုကစားသွားလဲဆိုတာကို နာရီပေါင်းများစွာ ကျွန်တော် ပြောနိုင်ပါတယ်'' ဟု တုံ့ပြန်ပြောကြားသည်။

Most Read

Most Recent